Pages


 

Saturday, February 5, 2011

ဆရာကြီး ဦးဝင်းတင်နှင့် ဒုတိယပင်လုံ ညီလာခံအကြောင်း တွေ့ဆုံမေးမြန်းခြင်း

0 comments



ဆရာကြီး ဦးဝင်းတင်နှင့် ဒုတိယပင်လုံ ညီလာခံအကြောင်း တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် သုံးပွင့်ဆိုင်စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေး အပါအ၀င် ဒုတိယပင်လုံညီလာခံကြီးအား ယုံကြည်စွာ ပူးပေါင်း ပါဝင်ထောက်ခံရေးတို့ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုကို မိတ်ဆွေကောင်းစာကြည့်တိုက် (The Best Friend)မှ သဘောတူညီစွာ ထောက်ခံခဲ့ပါသည်။

မိတ်ဆွေကောင်းစာကြည့်တိုက် (အမေး)
ဒုတိယပင်လုံညီလာခံကြီးကို တိုင်းရင်းသားများ ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့အစည်း ဘယ်လောက်များများက ဘယ်အတိုင်းအတာ အထိထောက်ခံ နေကြတယ်ဆိုတာကို ဆရာကြီး အနေနဲ့ သိပါသလား… ?

ဆရာကြီး ဦးဝင်းတင် (အဖြေ)
တိုင်းရင်းသားအများစုကတော့ ဒုတိယပင်လုံညီလာခံကြီးအကြောင်းကို အတော်လေးပဲ စိတ်ဝင်တစားနဲ့ အားတက်သရော ကျွန်တော့်ကို ဆက်သွယ် မေးမြန်းကြပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့နဲ့ သူတို့က ပုံမှန်ဆက်သွယ်မှု အနည်းငယ်လေးတောင် မရတဲ့အတွက် ဘယ်လောက် ထောက်ခံပါတယ် ဆိုတာကို အတိအကျ ပြောဖို့ကျတော့ ကျွန်တော်လည်း မသိနိုင်သေးပါဘူးခင်ဗျာ။

အမေး၊ ၊ တိုင်းရင်းသားအများစုက ဒုတိယပင်လုံညီလာခံကြီးကို တကယ်ပဲအားတက်သရော တညီတညွတ်တည်း ပူးပေါင်းပါဝင်ကာ ထောက်ခံကြလိမ့်မယ်လို့ ဆရာကြီးထင်ပါသလား….?

အဖြေ၊ ၊ ဟုတ်ကဲ့ အမှန်ပါပဲ သိပ်ကို သေချာတာပေါ့ဗျာ။ အခု ကျွန်တော်တို့ဟာ မြောက်ပိုင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များနဲ့ ကချင်တိုင်းရင်းသားများဆီမှ အဆက်အသွယ်တွေ ရရှိထားပါတယ်။ ပြီးတော့ ကရင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကိုလည်း ကျွန်တော်တို့ရရှိ ထားပါတယ်။ အဲဒီအချက်တွေဟာ တိုင်းရင်းသားအများစုက ဒုတိယပင်လုံညီလာခံကြီးကို တကယ့်ကိုအားတက်သရော တညီတညွတ်တည်းပူးပေါင်းပါဝင်ကာ ထောက်ခံနေကြတယ်ဆိုတာ ကိုဖော်ပြနေကြတာပဲလို့ ယူဆပါတယ် ခင်ဗျာ။

အမေး၊ ၊ ဒုတိယပင်လုံ ညီလာခံကြီးကို မထောက်ခံကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်း အနည်းငယ်ကို ဆရာကြီးအနေနဲ့ ပြောပြလို့ရနိုင်ပါသလား။ ဘာကြောင့် သူတို့အနေနဲ့ ပူးပေါင်းပါဝင် ထောက်ခံချက် မပြုလုပ်နိုင်ကြတာလဲ ဆိုတာကိုပါ သိပါရစေ။

အဖြေ၊ ၊ တိုင်းရင်းသားအများစုကတော့ ထောက်ခံကြပါတယ်။ ဒါပေမယ့်လည်း န.အ.ဖ စစ်အာဏာရှင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြပြီး အနိုင်ရထားတဲ့ ချင်းတိုင်းရင်းသားများ၊ ရှမ်းတိုင်းသားများ နဲ့ ရခိုင်တိုင်းရင်းသားများကတော့ မထောက်ခံချင် ကြဘူးပေါ့ဗျာ။ အခုလည်း သူတို့က ပါလီမန် ထဲရောက်နေကြပြီလေ။ အဲဒီတော့ သူတို့အနေနဲ့က ဘာမှကို ထောက်ခံချင်မှာ မဟုတ်တော့ဘူးလေ။ ပြီးတော့ ကျွန်တော်တို့ကို ရခိုင်အဖွဲ့အစည်းတခုက ဒီလိုပြောသေးတယ်ဗျာ ´´သူတို့က ဒုတိယပင်လုံညီလာခံကြီးကို ထောက်ခံမယ်။ သို့သော် သူတို့က ပါလီမန်အတွင်းမှာပဲ ဆွေးနွေးချင်တယ်။ အပြင်မှာဆိုရင်တော့ မထောက်ခံနိုင်ဘူး´´ တဲ့ခင်ဗျ။

အမေး၊ ၊ အခြားအတိုက်အခံပါတီများနှင့် အတူ န.အ.ဖစစ်အစိုးရကို စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေး ပြုလုပ်မယ့် စားပွဲခုံကို ရောက်လာပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအများစုရဲ့ ထောက်ခံချက် ဘယ်လောက်အထိ လိုအပ်တယ်ဆိုတဲ့အကြောင်း အနည်းငယ်လောက် ပြောပြပေးနိုင်မလား။

အဖြေ၊ ၊ အဲဒါကတော့ ကျွန်တော်တို့ တစ်တွေဟာ ဘယ်လို သွေးစည်းကြပြီး ဘယ်လောက်တောင် စည်းလုံးညီညွတ်မှု ရှိကြတယ်ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီစစ်အစိုးရရဲ့ တုန့်ပြန်မှုကိုပဲ စောင့်နေကြတာပါ။ အခုထိတော့ သူတို့က ဘာမှမပြောကြသေးပါဘူး။ သူတို့ဟာ ကျွန်တော်တို့တစ်တွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ရင်း နှုတ်ဆိတ်စွာနဲ့ ငြိမ်သက်နေကြဆဲပါပဲ။ အဲဒီတော့ စေ့စပ်ညှိနှိုင်းတွေ့ဆုံဆွေးနွေးရေး စားပွဲဆီကို သူတို့ဘယ်လိုရောက်လာလိမ့်မလဲဆိုတာကိုတော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ သေချာတာကတော့ ကျွန်တော်တို့တစ်တွေ သွေးစည်းကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ အထူးကို လိုအပ်လှပါတယ်။ ပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြုပြီး ထောက်ခံမှုတွေကိုလည်း ဒီထက်ကိုပိုပြီးတော့ လိုအပ်နေပါသေးတယ်။ အဲဒါတွေ ကျွန်တော်တို့ဘက်က ပြည့်စုံလာတဲ့အခါ စေ့စပ်ညှိနှိုင်းတွေ့ဆုံဆွေးနွေးရေးစားပွဲဆီကို သူတို့ရောက်လာပါလိမ့်မယ်။ ဒါကလည်း အတော်လေးကို စောလွန်းပါသေးတယ်။ စစ်အစိုးရဟာ ကန့်လန့်ကာရဲ့နောက်ကွယ်မှာ နေလိမ့်မယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတစ်ခုတည်း ရှိပါတယ်။ ပြီးတော့ သူတို့ဟာ အစိုးရအဖွဲ့အစည်းဖြစ်တယ်။ အစိုးရသစ်ဟာ စေ့စပ်ညှိနှိုင်း တွေ့ဆုံဆွေးနွေးရေးစားပွဲဆီသို့ လာနိုင်အောင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရမယ်။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီး စစ်အစိုးရဆီက ဘာသံမှမကြားရသေးပါဘူး။ ပါလီမန် ဒါမှမဟုတ် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆီမှ ဒုတိယပင်လုံညီလာခံအပေါ် ဘယ်အချိန်မှာ တုန့်ပြန်မှုရနိုင်မလဲလို့ ဆရာကြီးအနေနဲ့ မျှော်လင့်ပါသလဲ။

အဖြေ၊ ၊ ကျွန်တော့်အထင်ပြောရရင် ဘယ်အချိန်ဆိုတာကိုတော့ အတိအကျ မသိနိုင်ပါဘူး။ ပထမဦးဆုံး ပါလီမန်အစည်းအဝေးမှာ အတိုက်အခံပါတီတွေနဲ့ ဘယ်အချိန်မှာ ဆွေးနွေးချင်တဲ့ အကြောင်းကို အနည်းငယ်လောက်တော့ အသိပေးလိမ့်မယ် ထင်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ တစ်ဆင့်ပြီးတစ်ဆင့် တကယ့်ကိုစစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်လာအောင် ဖိအားပေးရမယ်။ ပြီးတော့ စစ်မှန်ပြီး ထိရောက်မှုရှိတဲ့ ပြီးပြည့်စုံတဲ့ အဖြေတစ်ခု ရလာတဲ့အထိတော့ ကြိုးစား သွားရမှာပေါ့ဗျာ။

အမေး၊ ၊ အကယ်၍ စစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို မပါဝင်ပဲ ငြင်းပယ်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဒုတိယပင်လုံညီလာခံ ကျင်းပရေးကို ခွင့်မပြုဘူးဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်လက်ပြီးလုပ်ဆောင် သွားမယ်ဆိုတဲ့ နောက်ထပ် နည်းလမ်းတွေများရှိရင် သိပါရစေ။

အဖြေ၊ ၊ သူတို့ တကယ်ပဲတွေ့ဆုံ ဆွေးနွေးရေးကို ငြင်းပယ်လိုက်ပြီဆိုရင်တော့ ကျွန်တော်တို့ဟာ နောက်တစ်ကြိမ် အစကနေပြီး ပြန်လုပ်ရလိမ့်မယ်။ စစ်အစိုးရမပါဝင်ပဲနဲ့ ကျွန်တော်တို့ဟာ သီးသန့်ကြီး ဘာမျှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ပါလီမာန်ကို ထိန်းချုပ်ထားနိုင်တဲ့ စစ်အစိုးရဟာ အင်မတန်မှကို ပိုပြီးတော့ အင်အား ကောင်းလာပါပြီ။ ပြီးတော့လည်း အတိုက်အခံ တိုင်းရင်းသားများကိုလည်း လိုက်လံချေမှုန်းနေကြပြီ။ အဲသလိုပေါ့ဗျာ သူတို့က တွေ့ဆုံဆွေးနွေးရေးကို မပါဝင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ရင်ဆိုင်ဖို့ပိုပြီးတော့ ခက်သွားပြီပေါ့ဗျာ။ အဲသလိုဆိုရင်တော့ ကျွန်တော်တို့ဟာ သူတို့ကိုယ်တိုင် ပြောင်းလဲလာတဲ့ အချိန်ထိ ဆက်စောင့်ရလိမ့်မယ် ဒါမှမဟုတ် နောက်ထပ် အခွင့်အရေး တစ်ခုရလာတဲ့အထိ စောင့်ရမှာပေါ့ဗျာ။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံကြီးကနေပြီးတော့ ဘယ်လိုရလာဒ်များ ရလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလဲ။ ဒုတိယပင်လုံညီလာခံကြီးဟာ အားလုံးကေ မျှာ်လင့်ထားကြတဲ့ ပြောင်းလဲအောင် ဖော်ဆောင်နိုင်တဲ့ စွမ်းအား တစ်ခုပဲလားဆိုတာကို သိပါရစေ။

အဖြေ၊ ၊ ဒါတွေဟာ ကျွန်တော်ကိုက အာဏာအပြောင်းအလဲ ဖြစ်ချင်လို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ဖြစ်ဖို့အတွက် နည်းလမ်းတစ်ခုရဖို့ရယ်၊ တကယ့်ကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖြစ်လာစေမယ့် နည်းလမ်းတွေကိုပဲ မျှော်လင့်ကြတာပါ။ စစ်အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ သူတို့တစ်တွေဟာ ဒီအချက်ကိုတော့ လုံးဝကို သဘောပေါက်ထားရမယ်။ အဲဒါကဘာလဲဆိုတော့ အခုလက်ရှိ ပြဌာန်းပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတော်ကို အကျိုးသာမဲ့စေပြီး လုံးဝအလုပ်ဖြစ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒီတော့ ကျွန်တော်တို့မျှော်လင့်တာက အာဏာကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေ ဘာကို လိုချင်သလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲခုံမှာ တကယ့်စစ်မှန်ပြီး အကျိုးဖြစ်ထွန်းစေမယ့် ဆွေးနွေးပွဲတစ်ခု ဖြစ်လာဖို့ပါပဲ။ ပြီးတော့ တိုင်းရင်းသား အားလုံးနဲ့ အတူတကွ တကယ်စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စု စစ်စစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ အတွက် နည်းလမ်းတွေရှာဖွေဖို့ပဲမျှော်လင့်တာပါ။ အဲဒါပါပဲဗျာ။ တွေ့ဆုံ ဆွေးနွေးပွဲစပြီးပြီဆိုရင် ကျွန်တော်တို့ အချိန်နည်းနည်းတော့ ယူလို့ ရတာပေါ့ဗျာ။ ပြီးတော့မှ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြီးတော့ သုံးသပ်ကြရမှာပေါ့။ အဲဒါတွေပြီးတော့မှတစ်ခါ တရားမျှတပြီး လွတ်လပ်မှု အပြည့်ရှိတဲ့ ရွေးကောက်ပွဲအသစ် တစ်ခု ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတွေရှာလို့ရတာပဲဗျာ။

အမေး၊ ၊ ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီး အနှစ်ချုပ်လိုက်ရင် NLDရဲ့အဓိက မျှော်လင့်ချက်က အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့ရယ် တိုင်းရင်းသားအားလုံးက တညီတညွတ်တည်း ယုံကြည်စွာလက်ခံနိုင်တဲ့ ပြည်ထောင်စုတစ်ခုကို ဘယ်လို တည်ဆောက်နိုင်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ပဲ မဟုတ်လား။

အဖြေ၊ ၊ ဟုတ်ကဲ့၊ အဲဒါမှန်ပါတယ်။

အမေး ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေကြတဲ့ ကမ္ဘာ့ပြည်သူအားလုံးက ဒုတိယပင်လုံညီလာခံ ကြီးကို ထောက်ခံကြဖို့တွက် ဆရာကြီးအနေနဲ့ ဘာတွေများ ပြောချင်ပါသလဲ။

အဖြေ၊ ၊ အားလုံးကိုပြောချင်တာကတော့ ကျွန်တော့်နာမည်က ဦးဝင်းတင်ပါ။ ကျွန်တော်က အတိုက်အခံပါတီ တစ်ခုဖြစ်တဲ့ NLDကပါ။ ကျွန်တော် ကမ္ဘာ့ပြည်သူအားလုံးကို တကယ်ပဲ တောင်းဆိုချင်ပါတယ်ဗျာ။ အဲဒါက ကျွန်တော်တို့တစ်တွေဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ အင်မတန်မှ အခက်အခဲ အကျပ်အတည်းထဲကို ရောက်နေကြပါတယ်။ ဒီစစ်အာဏာရှင်တွေဟာ ပိုပြီးတော့ အင်အားကြီး သထက်ကြီးလာနေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သူတို့ကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီကို ရောက်အောင်ပို့ပေးဖို့ အင်မတန်မှ လိုအပ်လှပါတယ်။ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာသာ နိုင်ငံရေးပြဿနာတွေကို တကယ် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်း နိုင်ခြင်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့် ပါတယ် ဗျာ။

အမေး၊ ၊ ပင်လုံညီလာခံကြီးဟာ အင်မတန်မှကို ကြီးမားတဲ့ တန်ဖိုးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဟာ အဲဒီ့ ပင်လုံညီလာခံကြီးက နေပြီးတော့ ပထမဦးဆုံး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုမျိုးဆက်သစ်လူငယ်တွေ အတွက် ဒုတိယပင်လုံညီလာခံကြီးဟာ ဘာကြောင့် အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ဆရာကြီးအမြင်နဲ့ ပြောပြပေးပါ။

အဖြေ၊ ၊ ဒါဟာ ကျွန်တော်တို့တကယ့်ကို စိုးရိမ်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒုတိယပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အရေးတယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက မျိုးဆက်သစ်လူငယ်တွေက ပင်လုံစိတ်ဓါတ်ရဲ့ အတွေ့အကြုံအကြောင်းအရာတွေ၊ နိုင်ငံရေးတွေကို ပြောနေကြမယ့်အစား ပူးပေါင်းပါဝင် ထောက်ခံကြဖို့ကိုပဲ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုစစ်စစ် တစ်ခုဖြစ်လာဖို့အတွက် တိုက်ပွဲဝင်နိုင်အောင် စိတ်ကိုဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချထားရမယ်။ ဒါဟာ အင်မတန်မှကို အရေးကြီးတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုဖြစ်စေမယ့် စိတ်ဓါတ်မျိုးမရှိပဲနဲ့ ဘာမှအလုပ်မဖြစ်ပါဘူး။ ခိုင်မာတဲ့ ပင်လုံစိတ်ဓါတ်စစ်စစ် တကယ့်ကို လိုအပ်ပါတယ်။ ခိုင်မာတဲ့ ပြည်ထောင်စုတစ်ခု ဖြစ်လာဖို့ပေါ့ဗျာ။ ဒါတွေဟာ သိပ်ပြီးတော့ကို အရေးကြီးပါတယ်။

အမေး၊ ၊ နိုင်ငံတကာအနေနဲ့ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို ရောက်လာအောင် တိုင်းရင်းသားများ အပါအ၀င် အတိုက်အခံပါတီ အားလုံးနှင့်အတူ ဘယ်လိုများ အကူအညီ ပေးနိုင်မလဲဆိုတာကို သိပါရစေ.

အဖြေ၊ ၊ နိုင်ငံတကာမိသားစုအနေနဲ့ စစ်အစိုးရကို အခုအချိန်ထိ အတော်လေးပဲ ဖိအားပေး တွန်းတွန်းတိုက်တိုက် ပြောဆိုကြတာတွေရှိနေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာ့နိုင်ငံရေး အကြောင်း ဆွေးနွေးကြတာတွေ အပါအ၀င် စစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခြင်း စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမယ့် အခုထိတော့ ဒီအချက်တွေဟာ လုံလောက်တဲ့ဖိအားပေးမှုတွေ ဖြစ်မလာသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရဟာ အခုထိကို တုန့်ပြန်မှု တစ်စုံတရာ မရှိသေးပါဘူး။ အဲဒီတော့ နိုင်ငံတကာအနေနဲ့ ဒီ့ထက်ပိုပြီးတော့ ဖိအားပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အစိုးရဟာ အင်မတန်မှ ခေါင်းမာသလို နိုင်ငံတကာရဲ့တောင်းဆိုမှု ဖိအားပေးမှုတွေ အလုံအလောက် မရှိဘူးဆိုရင် တွေ့ဆုံဆွေးနွေးရေး စားပွဲကို ရောက်မလာပဲ ဆက်ပြီးတော့ကို ခေါင်းမာနေကြဦးမှာပါ။

အမေး၊ ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့အတွက်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုက အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြည်တွင်း စည်းလုံးညီညွတ်မှု အင်အားက ပင်လုံညီလာခံအတွက် ဘယ်လောက်ရှိတယ်လို့ ထင်ပါလဲ။

အဖြေ၊ ၊ ပြည်တွင်းရဲ့ စည်းလုံးညီညွတ်မှု အင်အားကတော့ အတော်လေးကို အားကောင်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ခိုင်မာတဲ့ သန္နိဋ္ဌာန် အပြည့်အ၀ရှိပြီး ပြည်သူလူထုအားလုံးရဲ့ ချစ်ခင်လေးစား ယုံကြည်မှုတွေကို ရရှိထားသလို လူထုကိုလည်း စည်းလုံးညီညွတ်မှုရှိအောင် စုစည်းနိုင်တဲ့ အင်အားတွေရှိပါတယ်။ ပြည်သူလူထုက ပြောတဲ့စကားဆိုရင် အသေအချာကို နားထောင် ပေးလေ့ရှိပါတယ်။ ဒါကလည်း အများကြီးထဲက တစ်ခုပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံဟာ အင်မတန်မှ ဆင်းရဲနေပါတယ်။ ပြည်တွင်းမှာရှိကြတဲ့ ပြည်သူလူထုအားလုံးဟာ အတော်လေးကို ဒုက္ခရောက်နေကြပါတယ်။ စီးပွားရေးအခြေအနေဟာ ရစရာမရှိအောင် ချွတ်ခြုံကျနေတဲ့အတွက် ပြည်သူလူထုဟာ နေ့စဉ်ဘ၀မှာ အခက်အခဲ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲ့သလို တူညီတဲ့ ခံစားမှုတွေဟာ ပြည်သူလူထုကို စည်းလုံးညီညွတ်စေဖို့ အတွက် ခွန်အားတစ်ခု ဖြစ်စေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအခက်အခဲ အကျပ်အတည်း အားလုံးဟာ စစ်အစိုးရကြောင့် ဖြစ်နေတယ်ဆိုတာကို ပြည်သူလူထုက ကောင်းကောင်းကြီးကို သိကြပါတယ်။ ဒါကြောင့်မို့လို့ စစ်အာဏာရှင်စံနစ်ကို တော်လှန်ဖို့အတွက် ပြည်တွင်းရဲ့ စည်းလုံးညီညွတ်မှု အင်အားဟာ အတော်လေးကို အားရစရာ ကောင်းပါတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေထဲမှာလည်း ပိုပြီးတော့ စည်းလုံးညီညွတ်မှု ရှိလာပြီလို့ ကျွန်တော် ထင်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားများကရော လူထုကပါပိုပြီးတော့ သွေးစည်း လာကြသလို နိုင်ငံရေးအရ ညီညွတ်မှုတွေလည်း ပိုပြီးတော့ ရှိလာပြီလို့ ကျွန်တော်ထင်ပါတယ်။

အမေး၊ ၊ ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု အတိုင်းအတာကိုရော ဆရာကြီးအနေနဲ့ ဘယ်လောက် ရှိတယ်လို့ ထင်ပါသလဲ။

အဖြေ၊ ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်သိပ်ပြီးတော့ မသိပါဘူးဗျာ။ မြန်မာလူမျိုးတွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအတော်များများကို ရောက်နေကြတာပါပဲ။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးပါတီထဲမှာ ရှိမနေကြသလို နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့လည်း တရားဝင် ဖွဲ့စည်းမထားနိုင်ကြပါဘူး။ ကျွန်တော်အနေနဲ့ သူတို့ ဘယ်လောက် စည်းလုံးညီညွတ်မှု ရှိသလဲဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် သူတို့အများစုဟာ စစ်အစိုးရရဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အမိနိုင်ငံမှထွက်ခွါသွားကြ တယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူလူထုတွေ နိုင်ငံမှ ထွက်ခွါသွားရတဲ့ အဓိကအကြောင်းအရင်းရဲ့ တရားခံက စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဲဒီအမြင်နဲ့ကြည့်ရင်တော့ ပြည်ပရောက်ပြည်သူတွေအားလုံးဟာ မြန်မာနိုင်ငံ အနာဂါတ်အတွက် တကယ့်ကို စည်းလုံးညီညွတ်နေကြမှာပါ။

အမေး၊ ၊ ဆရာကြီးဦးဝင်းတင် ထောင်ထဲမှာ ၁၉နှစ်ကြာ အကျဉ်းကျခံပြီးလွတ်မြောက်လာ ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် အခုဆိုရင် အတိုက်အခံ ခေါင်းဆောင်များအနေနဲ့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တဲ့ အနေအထားကို ရရှိနေသလိုပါပဲ။ အဲဒီအနေအထားဟာ လွှတ်တော်ပြီးသွားရင် အဆိုးဘက်ကို ဦးတည် ပြောင်းလဲသွားနိုင်တယ်လို့ ထင်ပါသလား ဒါမှမဟုတ် လတ်တလော အခြေအနေဟာ မပြောင်းလဲပဲ ဆက်လက် တည်တံ့သွားလိမ့်မယ်လို့ ထင်ပါသလား။

အဖြေ၊ ၊ ကျွန်တော်တို့ အဲသလိုပဲ မျှော်လင့်ပါတယ်။ အခုအချိန်ထိအောင် နိုင်ငံရေးအကျဉ်းသား (၂၀၀၀)ကျော် အကျဉ်းကျခံ နေရပါသေးတယ်။ ပြီးတော့ မြန်မာပြည်သူ လူထုအားလုံးဟာ ဒုက္ခတွေအများကြီးနဲ့ ရင်ဆိုင်နေကြရပါသေးတယ်။ ဒါကြောင့် လူထုအုံကြွမှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ပြည်သူလူထုဟာ အခုဆိုရင် သူတို့ရဲ့နိုင်ငံရေးအမြင် တွေကိုပိုပြီးတော့ ထုတ်ဖော်လာကြတယ်။ စစ်အာဏာရှင်ဟာ ကျွန်တော်တို့နဲ့ တစ်နေ့မဟုတ် တစ်နေ့တော့ မဖြစ်မနေပူးပေါင်းလာရပါလိမ့်မယ်။ အခုဆိုရင် ပြည်သူလူအားလုံးဟာ နိုင်ငံရေး နိုးကြားမှုသိပ်ပြီးတော့ကို ရှိလာနေကြပါပြီ။

အမေး၊ ၊ ဒါဆိုရင် ဆရာကြီးနဲ့ အခြား NLD ခေါင်းဆောင်များဟာ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးစားသွားမယ်ဆိုတဲ့ သဘောလား။

အဖြေ၊ ၊ သိပ်ကိုသေချာတာပေါ့ဗျာ။

အမေး၊ ၊ ဥပမာအားဖြင့် ၀ါရင့်နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ပြည်တွင်းပြည်ပမှာ အတွေ့အကြုံ ပေါင်းများစွာရှိခဲ့တဲ့ ဆရာကြီးဦးဝင်းတင်လို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြည်တွင်းမှာ ရှိကြတဲ့ မျိုးဆက်သစ် လူငယ်များအပေါ် ဘယ်လိုများ အကြံအဥာဏ် ပေးချင်ပါသလဲ။

အဖြေ၊ ၊ ဟုတ်ကဲ့ ကောင်းပါပြီဗျာ။ ကျွန်တော့်အနေနဲ့ ပြည်တွင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကို အကြံဥာဏ်ပေးစရာ အများကြီးမရှိပါဘူး။ ဒါပေမယ့် ကျွန်တော် အကြံဥာဏ် ပေးချင်တာကတော့ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်မှု ရအောင် ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ကြပါ။ စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းကြပါ။ စစ်အာဏာရှင် စံနစ်ဆိုးကြီး ရှိနေသေးသမျှ ကာလပတ်လုံး ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ သူတို့မှာ အနာဂါတ် မျှော်လင့်ချက် မရှိဘူးဆိုရင် ကျွန်တော့ အကြံဥာဏ်တွေဟာလည်း အသုံးမ၀င်ပဲ အလကားဖြစ်သွားမှာပါ။ အဲဒီတော့ မိမိနိုင်ငံအတွက်၊ ဒီမိုကရေစီအတွက်၊ လူ့အခွင့်အရေးအတွက် စစ်အာဏာရှင်စံနစ်ကို အပြီးသတ်ချေမှုန်းကြပါလို့၊ ဒါပါပဲဗျာ။

အမေး၊ ၊ မြန်မာပြည်သူလူထုဟာ နေ့စဉ်နှင့်အမျှ ဘ၀အခက်အခဲတွေ အကျပ်အတည်း တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ မိသားစု စားဝတ်နေရေး အတွက်ကိုသာ နေ့စဉ်နဲ့အမျှ ရုန်းကန် လှုပ်ရှား နေကြရပါတယ်။ အဲဒီတော့ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့အတွက် ပြည်သူလူထုက ဘယ်လိုများ တိုက်ပွဲဝင်နိုင်မလဲ ဆိုတာကို ဆရာကြီး အနေနဲ့ ပြောပြပေးစေ ချင်ပါတယ်။

အဖြေ၊ ၊ အဲဒါကတော့ဗျာ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို နိုင်ငံရေးခေါင်းဆောင်တွေ အပေါ်မှာအတော်လေးကို မူတည်ပါတယ်ဗျာ။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ တတွေဟာ ဘာသာတရားကိုလွန်စွာမှ လေးစားကိုင်းရှိုင်းကြတဲ့ လူမျိုးဖြစ်ပါတယ်။ ပြီးတော့ ဘာသာတရားရဲ့ဆုံးမမှုဟာ ကိုယ်ကျင့်တရားအတွက် အင်မတန်မှကို အရေးပါပါတယ်။ ဒါ့ကြောင့် ရဟန်း၊သံဃာတော်များဟာလည်းပဲ ကျွန်တော်တို့တတွေအတွက် အင်မတန်မှကို အရေးကြီးလှ ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ဆရာတော် သံဃာတော်များက ဦးဆောင်၍ စစ်အာဏာရှင် စနစ်ဆိုးကို ပြည်သူလူထုရှေ့က မားမားမက်မက်ရပ်တည်ကာ ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာလည်းပဲ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ပပျောက်သွားစေဖို့ ဆရာတော်၊ သံဃာတော်များကဦးဆောင်ပြီး ပြည်သူလူထုနဲ့တကွ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ လျှောက်ထားချင်ပါတယ်။

မှတ်ချက်၊ ၊ ဆရာကြီးဦးဝင်းတင်ရဲ့ တွေ့ဆုံမေးမြန်းမှုဖြစ်တဲ့   “We are now in a crisis: the military government is getting stronger” ကိုမြန်မာလိုဖတ်ရှုနိုင်စေရန်အတွက် တတ်နိုင်သလောက်ကြိုးစား၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးထားပါတယ်။ အကယ်၍ လိုအပ်မှုများရှိခဲ့ပါက ဘာသာပြန်သူ၏ တာဝန်သာဖြစ်ပါကြောင်း။

ဦးဣသရိယ...

No comments: