Pages


 

Monday, May 10, 2010

ခွပ်ဒေါင်းအလံအသုံးပြုမှု စာပေနှင့် အနုပညာရှင်များ ကန့်ကွက်

0 comments


သမိုင်းဝင် ခွပ်ဒေါင်းအလံ
ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)က အသုံးပြုသော အလံနှင့်ပတ်သက်၍ စာပေနှင့် အနုပညာရှင်များက ကန့်ကွက်ရန် ပြင်ဆင်နေကြသည်။

ထင်ရှားသော စာရေးဆရာများဖြစ်ကြသော ဒဂုံတာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ တို့ပါဝင်ပြီး အနုပညာရှင်၊ စာပေစာနယ်ဇင်းအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ် ၈ဝ ခန့်က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်မှာဖြစ်သည်။

“ဒီအလံက သမိုင်းမှာ ကျောင်းသားသမဂ္ဂ ကိုင်ခဲ့တဲ့အလံကိုး၊ ဒီလိုပါတီတခုက ဒီအလံပြန်သုံးတယ်ဆိုတာက မသင့်တော်ဘူးလေ။ ဒါက နိုင်ငံရေး ပါတီတခုက ပိုင်တဲ့ကိစ္စမဟုတ်ဘူးလေ။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အလံပဲ၊ အမျိုးသားအမှတ် တံဆိပ်ဖြစ်နေတာကိုး” ဟု ကန့်ကွက်သည့်အထဲတွင် ပါဝင်သူတဦးက မဇ္ဈိမကို ပြောသည်။

အတိုက်အခံကျောင်းသားအဖွဲ့တခု၏ နာမည်နှင့် ဆင်တူးရိုးမှားမှည့်ဆိုထားသော စစ်အစိုးရ၏ မဟာမိတ်ပါတီက နောက်ထပ်အငြင်းပွားဖွယ်ရာကိစ္စတခု ပြုလုပ်လာခြင်းဖြစ်သည်။

ပြည်သူလူထုအတွင်း ရှုတ်ထွေးမှုဖြစ်အောင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။

နိုင်ငံရေးပါတီ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)က အသုံးပြုမည့် အလံနှင့်တံဆိပ်များကို ၇ ရက်အတွင်း အထောက်အထားဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် ကန့်ကွက်နိုင်သည်ဟု ယခုလ ၁ ရက်နေ့က နေ့စဉ်သတင်းစာများတွင် ဖော်ပြခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ၏ ခေါင်းဆောင် ဦးရဲထွန်းနှင့် သူ၏ အကို ဦးအေးလွင်မှာ စစ်အစိုးရ၏ အထောက်အပံ့ကိုယူပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။
ယခုအသုံးပြုထားသော အလံမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ အလံဖြစ်သည်ဟု မြေအောက်အဖွဲ့အစည်းတခုဖြစ်သော ဗကသက ကန့်ကွက်ကြောင်း ယနေ့ကြေညာချက်ထုတ်ပြန်လိုက်သည်။

၁၉၆ဝ ခု အောက်တိုဘာ (၂ဝ-၂၄) ရက်နေ့အထိ ကျင်းပခဲ့သော ဗကသ ၏ ဆဌမအကြိမ် နိုင်ငံလုံး ဆိုင်ရာညီလာခံတွင် တခဲနက်အတည်ပြုခဲ့သည်ဟုလည်း ပါရှိသည်။်။

“ အာဏာရှင်ရဲ့ အလိုကျ အညံ့ခံတဲ့သူတွေက… သမိုင်းအစဉ်အလာ ကြီးမားမြင့်မြတ်တဲ့ ခွပ်ဒေါင်းအလံကို ယူသုံးခြင်းဟာ ကျမတို့ရဲ့ ပြည်သူ တွေနဲ့ ကျောင်းသားထုကြီးကို စော်ကားတာပါ။” ဟု ဗကသ ပြောရေးဆိုခွင့်ရှိသူ မကြည်သာတင့်က မဇ္ဈိမကို ဆက်သွယ်ပြောကြားသည်။

၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကျောင်းသားသမဂ္ဂမှာလည်း အခြားသော လွတ်လပ်သော အဖွဲ့အစည်းများလိုပင် ပိတ်ပင်ခြင်းခံခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။

“ခွပ်ဒေါင်းအလံမှာ အဝါရောင် စက်ဝိုင်းပါတယ်။ စက်ဝိုင်းဆိုတာက ဖိနှိပ်မှု စက်ဝိုင်းပါ။ ဒီစက်ဝိုင်း အလယ်မှာ ခွပ်ဒေါင်းပါတယ်။ ဒီခွပ်ဒေါင်းရဲ့ ခြေတဘက်ဟာ စက်ဝိုင်းကို ဖိထားတယ်။ ဒေါင်း နောက်ခြေက စက်ဝိုင်းအပြင်ကို တွန်းထွက်နေတယ်။ ဒါဟာ ဖိနှိပ်မှုကို ထိုးဖောက်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နောက်ခံအရောင်က အနီရောင်ပါ” ဟု မကြည်သာတင့်က ပြောသည်။

အခြေခံပညာကျောင်းသားများသမဂ္ဂကလည်း ခွပ်ဒေါင်းအလံအား ယူသုံးခြင်းကို ရှုတ်ချကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်သည်။

နိုင်ငံတဝှမ်းအကျဉ်းထောင်များတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ကျခံနေရသော ကျောင်းသား ၂၈ဝ ကျော်ရှိသည်ဟု ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောသည်။

၁၉၈၈ ခုနှစ်က အစိုးရဆန့်ကျင်သော လူထုအုံကြွမှုတွင် ဦးဆောင်မှုပေးခဲ့သော ကျောင်းသားခေါင်းဆောင်များက ထောင်မှပြန်လည်လွတ်မြောက်လာအပြီး ၂ဝဝ၅ ခုနှစ်နှောင်းပိုင်းတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် လောင်စာဆီဈေးနှုန်းလျော့ချရေး ဆန္ဒပြမှုကြောင့် တဖွဲ့လုံးနီးပါး ပြန်လည်အဖမ်းခံလိုက်ရသည်။

(ကိုဝိုင်းတည်းဖြတ်သည်) source.... http://www.mizzimaburmese.com/news/inside-burma/5330-2010-05-06-13-46-49.html
၈၈ မျိုးဆက်ယုတ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ကျီးလွင်တို့မှ ကန့်ကွက်နိုင်ကြောင်းကြေငြာချက်AL

No comments: