လိုင်ဇာတွေ့ဆုံညီလာခံမှသည် ငြိမ်းချမ်းရေးလမ်းစဉ်သို့ ကူးပြောင်းစပြုနေပြီဟု ထင်မှတ်ရအောင်လက်နက် ကိုင်အဖွဲ့အစည်းများနှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) တို့၏ လက်တွဲဆောင်ရွက်မှုများမှ တွေ့နိုင်ပြီ ဖြစ်သည်။ သို့သော် နောက်ဆက်တွဲ ဖြစ်ပွါးလာသော အကြောင်းတရားများကမူ မျှော်လင့်ထားသော ငြိမ်းချမ်းရေးအစစ် အမှန်လမ်း မဟုတ်ပါ။
အဘယ့်ကြောင့် ဤသို့ပြောရသနည်းဟုဆိုသော် လက်နက်ကိုင်အဖွဲ့များ၏ လုပ်ဆောင်မှုကို ကြည့်ပါ။ ယခင်က တရားမ၀င်လက်နက်ကိုင်များဟု သတ်မှတ်ထားရာမှ ဆွေးနွေးနေစဉ်ကာလ တစ်လျှောက်လုံးတွင် လက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် မြေပေါ်သို့ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခဲ့သည်။ ကေအိုင်အေဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် မြစ်ကြီးနားမြို့ သို့ သူ၏ယာဉ်တန်းနှင့်လာစဉ်ကလည်း ဂျိန်းဖောမျိုးနွယ်စုများက ကြိုဆိုပြီး အခြားမျိုးနွယ်စုများကမူ ငြိမ်းချမ်းရေးလမ်းပေါ်သို့ တက်ရောက်လာသည့်အတွက် အားပေးကြိုဆိုခဲ့သည်။ သို့သော် ကေအိုင်အေအနေနှင့် ကချင်ပြည်နယ်တစ်ခုလုံး ၎င်းဘက်တွင်ရှိသည်ဟု အထင်ရောက်ကာ ငြိမ်းချမ်းရေး လမ်းစဉ်တွင် ကန့်လန့်လုပ်လာပါတော့သည်။ ရန်ကုန်သို့ရောက်ရှိနေသော ဗိုလ်ချုပ်ဂွန်မော်အနေဖြင့် ရှောင်လွဲ၍ မရသောကြောင့် တိုက်ပွဲများဖြစ်နေသည်ဟုဝန်ခံခဲ့သော်လည်း ယင်းရှောင်လွှဲ၍ မရသောအချက်များကိုမူ ပြောဆို ခဲ့ခြင်းမရှိ။ မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်ရန်၊ တိုက်ပွဲအတွင်း ကေအိုင်အေမှ ချိုးဖျက်ထားသောတံတားများအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ပြန်လည်တည်ဆောက်ရန်အတွက် စစ်တပ်မှ ကနဦးလမ်းကြောင်းအပေါ် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ရာမှ တိုက်ပွဲများဖြစ်ပေါ်နေသည်။ သို့သော်လည်း ယခင်က ပြည်ပမီဒီယာကိုသာအားကိုးခဲ့ရသော ကေအိုင်အေအနေဖြင့် ယခုအခါ ပြည်တွင်းမီဒီယာကိုအသုံးချ၍ စစ်တပ်မှတိုက်ပွဲများဖန်တီးနေသယောင် ပြောဆိုခွင့်ရလာခဲ့သည်။ ထို့နောက် လူသစ်စုဆောင်းခြင်း၊ စခန်းသစ် ဆောက်၍ ရိက္ခာများကောက်ခံစုဆောင်းနေခြင်းတို့ကို တရားဝင်ပြုလုပ်ခွင့်ရလာသည်။
ကေအိုင်အေနည်းတူ မွန်ပြည်နယ်ဘက်မှ လက်နက်ကိုင်များကလည်း ယခုအခါ အစိုးရနှင့်စစ်တပ်၏မူဝါဒ များကို သဘောမတူပါဟူ၍ ကြေငြာလေသည်။အကြောင်းမှာ ဆက်ကြေးငွေဟုခေါ်သော အခွန်အခကောက်ခံ ငွေဖြင့် ၎င်းတို့တပ်များ အသက်ဆက်နေရသည်ဖြစ်ရာ အကယ်၍ ယင်းငွေများကောက်ခံမှုနှင့် လူသစ်မစုလျှင် ၎င်းတို့အင်အား လျော့နည်းသွားမည်ဟု အကြောင်းပြသည်။ ယခင်ကလည်း လက်နက်ကိုင်အဖွဲ့များရောက်ရှိမှု နည်းပါးသော ချင်းပြည်နယ်သည်ပင်လျှင် ယခုမူ လက်နက်ကိုင်အဖွဲ့များ ၎င်းတို့နေထိုင်ရာရပ်ရွာတွင်း ပေါ်ပေါ် ထင်ထင်သွားလာနေပြီး လူသစ်စုခြင်းများ၊ ခေါင်းစဉ်မျိုးစုံနှင့် ပွဲများပြုလုပ်ခြင်းကို မတက်မနေရစသော ဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့ပေသည်။
ဤသို့ဖြင့် MPC မှ ဆွဲခေါ်လာသော လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးသို့သွားမည်ဟုသာ တဖွဖွ ပြောဆိုနေသော်လည်း အပစ်အခတ်ရပ်စဲရေးနှင့် လက်နက်စွန့်ရေးဟူသော အချက်ကိုမူ သေမတတ်ကြောက်ရွံ့  ကာ ခေါင်းတွင်တွင်ခါနေသည်။ လက်နက်မစွန့်နိုင်ပါက ငြိမ်းချမ်းရေးမရနိုင်သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ယခင်က နယ်စပ်ဒေသတွင်လှုပ်ရှားပြီး ပြည်ပတွင်သာ နေထိုင်ကျက်စားနေသော်လည်း ယခုအခါတွင်မူ ပြည်တွင်းရှိ မြို့ ကြီးများပေါ်ရောက်ရှိလာကာ ဟောပြောပွဲများ၊ စည်းရုံးပွဲများ၊ အလှူငွေတောင်းခံခြင်း၊ ရံပုံငွေ ရှာဖွေခြင်းများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာနေပြီ။ မည်သူမျှမကန့်ကွက်ရဲချေ။ ၎င်းတို့လုပ်ချင်သည်များကို မြန်မာငြိမ်းချမ်းရေးစင်တာမှ ငွေအား၊ လူအား၊ ပစ္စည်းအား၊ ပါဝါအာဏာအား အစရှိသဖြင့် တစ်ခုပြီးတစ်ခု ရေ/မီး အစုံထားနိုင်ရေး ကူညီနေသည်။ ထိုသို့ ပစားပေးအပျော့ဆွဲဖြင့် ကူညီနေသော်လည်း လက်နက်ကိုင်များအနေဖြင့် အပစ်အခတ်ရပ်စဲရေးသို့ ရောက်ရှိမလာပဲ ၎င်းတို့ တိုင်းရင်းသားလက်နက်ကိုင်များအား စီးပွါးရေးအင်အား၊ လူလက်နက်အင်အားများ တောင့်တင်းအောင်ပြုလုပ်ပေးနေသကဲ့သို့ ဖြစ်နေသည်။ ABSDF ဥက္ကဌသံခဲသည်လည်း ၎င်းတို့အား MPC မှ ကားအစီး ၆၀ ပါမစ်ပေးထားကြောင်းနှင့် ၎င်းတို့အဖွဲ့မှာ အင်အားအနည်းဆုံးဖြစ်၍ ကားရရှိမှု အနည်းဆုံးဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ ထိုသို့ဆိုလျှင်ကျန် အင်အားကြီးအဖွဲ့များ မည်မျှရရှိနေပါသနည်း။
MPC အနေနှင့်လည်း လက်တွေ့တွင် ငြိမ်းချမ်းရေးအတွက် အမှန်တကယ်ရည်ရွှယ်သည်ဟု မမြင်မိပဲ ငြိမ်းချမ်းရေးလုပ်ငန်းအား ပွဲစားသဖွယ်လုပ်ဆောင်နေသည်ဟု ထင်ရသည်။ MPC သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အစိုးရအဖွဲ့က ဘတ်ဂျက်ခွဲဝေပေးခြင်းမရှိ၍ NGO အဖွဲ့အစည်းတွေအဖြစ် နိုင်ငံတကာအထောက်အပံ့ များဖြင့် ရပ်တည်ရပါသည်။ လက်ရှိအထိ ပြည်တွင်းပြည်ပအဖွဲ့များ၏ ထောက်ပံ့ပေးမှုသည် ဒေါ်လာ ၁၀၇ သန်းနှင့် ယူရို ၇ သိန်းကျော်ရရှိနေပြီး ဂျပန်မှလည်း နောက်ထပ် ၁၁ သန်းပေးဦးမည်ဖြစ်သည်။ ယင်းငွေကြေးများ သုံးစွဲ မှုသည် စာရင်းအတိအကျရှိမလာပဲ ပျောက်ကွယ်နေပြီး MPC အဖွဲ့ဝင်များသည်လည်း ၎င်းတို့အတွက် လခသဘော မျိုးဖြင့် ယူနေသည်မှာလည်း ကြေးကြီးနေပြန်သည်။ဤပမာဏဖြင့် မတည်ထားသော MPC အတွက် ဦးအောင်မင်း မှလည်း အိတ်စိုက် လုပ်ကိုင်နေရသည်ဟု ညည်းငြူဖူးပြန်သည်။ ထိုသို့ ငွေကြေးအကုန်အကျ များနေသော်လည်း MPC အနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ်ယူဆောင်လာခြင်းမရှိပဲ နယ်စပ်ဒေသတွင် လက်နက်အားကိုးဖြင့် မင်းမူနေသော အဖွဲ့များကို မြေပေါ်သို့ တရားဝင်ဆွဲခေါ်လာပြီး နိုင်ငံရေးစွက်ဖက်ခြင်းများ ၊ နောက်ခံစီးပွါးရေး တောင့်တင်းရန် ပြုလုပ်ခြင်းများသာ လုပ်ဆောင်ပေးနေသည်ကို တွေ့ရှိနေရပါသည်။ တစ်ဖက် လက်နက်ကိုင်များ မှလည်း ရရှိလာသော အခွင့်အရေးကို ဆုံးရှုံးမခံဘဲ မြေပေါ်သို့ရောက်ရှိနေခိုက်တွင် ၄င်းတို့လိုချင်သော ဖက်ဒရယ် ပြည်ထောင်စုဟု အမည်တပ်ပြီး ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှမရှိသည့် ပြည်နယ်တစ်ခု-စစ်တပ်တစ်ခု ပေါ်လစီ ကိုသာ ဇောင်းပေးပြောနေသည့်အပြင် နိုင်ငံရေးလှုံ့ဆော်ခြင်း ၊ ညီလာခံများကျင်းပခြင်း တို့ဖြင့် ၄င်းတို့၏ မူဝါဒ ရေးရာများကို ဆွဲဆောင်စည်းရုံးနေသည်။ ၎င်းတို့ လက်အောက်တပ်များကလည်း ဒေသအတွင်းလက်နက်ကိုင်ကာ သွားလာနေပြီး အခွန်အခနှင့် လူသစ်များ စိတ်ကြိုက် ကောက်ခံနေသည်။
အကယ်၍သာ ဤဆွေးနွေးပွဲကြီးသည် အီလည်လည်ဖြင့် ပေရှည်ပြီး နောက်ဆုံးတွင် လက်နက်ကိုင် အဖွဲ့ပေါင်းစုံမှ လုံးဝမဖြစ်နိုင်သော တောင်းဆိုမှုများပေါ်ထွက်လာခဲ့လျှင် ထပ်မံ၍ ကွဲကြပြဲကြဦးမည်။ ဖြစ်ပြီးနောက် တွင် MPC သည်လည်း ရရှိထားသောအလှူငွေများကို ပြန်လည်စာရင်းမရှင်းပဲ ငြိမ်သွားတော့မည်။ အပစ်ရပ်မည့် အဖွဲ့များအတွက် ကားပါမစ်၊ သစ်ပါမစ် များချပေးထားသည့် လုပ်ကွက်များကို လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များအမည်များဖြင့် လုပ်ကိုင်၍မရသည့်အတွက် ၎င်းတို့အမည်ဖြင့် ကိုယ်စားလုပ်ပေးနေရသည်မှ ရရှိလာသည့် အကျိုးအမြတ်များကိုလည်း ဖင်ခုထိုင်ကာ အနားယူပေမည်။ဆွေးနွေးပွဲကာလတွင် လူသစ်စု၊အခွန်ကောက်ငွေများ၊ စခန်းသစ်များ ဆောက်လုပ် ပြီးသော အင်အားဖွံ့ဖြိုးလာသည့် လက်နက်ကိုင်များနှင့် စစ်ပွဲများ ပြန်ဖြစ်လာဦးမည်။ ထိုသို့ဖြင့် သံသရာလည်နေကာ မျှော်မှန်းထားသည့်အတိုင်း တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီနိင်ငံသို့ ရောက် အောင် မသွားနိုင်တော့ပဲ စစ်ပွဲနွံအတွင်း တ၀ဲလည်လည်ဖြစ်ကာ ပြည်သူများကို ဒုက္ခနွံတွင်းမှ မတက်နိုင်အောင် ဆွဲထားသော ခဲတစ်လုံးဖြစ်နေပြီလားဟု စဉ်းစားမိပါတော့သည်။
ဖိုးဒီ
No comments:
Post a Comment