Pages

 

Wednesday, August 22, 2012

ဘယ်လမ်းကြောင်းသွားနေပြီလဲလို့ မေးလိုက်ချင်? (ပေးစာ)

1 comments

အပိုင်း ၁
    ၂၁.၈.၂၀၁၂ ရက်နေ့မှာ အလွန်ထူးခြားဆန်းကျယ်တဲ့ အတွေးပေါင်း များစွာတွေးရမယ့် သတင်းကြီး (၃) ခု တွေ့ သိလိုက်ရလို့ မြန်မာနိုင်ငံရေး လမ်းကြောင်းကို လွန်စွာ စိတ်ဝင်စားလို့ ဒီအကြောင်းရေးလိုက်တာပါ။

(၁) နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော်ထံပေးပို့လိုက်တဲ့ သဝဏ်လွှာ
(၂) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ ပေးပို့လိုက်တဲ့ သဝဏ်လွှာ
(၃) ဖွဲ့စည်းပုံအခြေဥပဒေဆိုင်ရာ ခုံရုံးက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစိုးရက လွှတ်တော်အပေါ်မှာ ဘယ်လို သဘောထားသလဲ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေကိုကော ဘယ်လိုသဘောထား သလဲဆိုတာကို ပြုပြင်ပြောင်းလဲရေး လိုလားသူအနေနဲ့ အခြေအနေ အရပ်ရပ်ကို လေ့လာသုံးသပ်မိပါတယ်။

    နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ သြဂုတ်လ ၂၀ ရက်စွဲဖြင့် သဝဏ်လွှာ တစ်စောင်ပေးပို့ ခဲ့ပါသည်။ ထိုသဝဏ်လွှာတွင် “နိုင်ငံတော် သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းရန် အကြံပြုချက်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားလိုပါကြောင်း၊ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်ဟု သတ်မှတ်ပြောကြား နေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ ကော်မတီ၊ ကော်မရှင်၊ အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စု အဆင့်နှင့် လျော်ညီသည့် ငွေကြေး ကိစ္စများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွှတ်ရန် လိုအပ်ပါကြောင်း၊ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ၊ မရှိ တိကျရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အသီးသီးဆိုသည့် စကားရပ်ကို အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း” လို့ ပါရှိပါသည်။

    နိုင်ငံတော် သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၄) ရက်စွဲ ဖြင့်ပေးပို့သော သဝဏ်လွှာတွင် “နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ရက်စွဲပါ စာအမှတ် ၃/ညမ (၁) ၃ - ၁ (၉၂) နပတ (၇၂) အရ တင်သွင်းခဲ့သော တင်သွင်းလွှာ အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုဖြစ်သော ကိုယ်စားလှယ်ပေါင်း ၃၀၁ဦးက ကျေနပ်လက်ခံနိုင်ခြင်း မရှိသည့်အတွက် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ ၂၀၁၂၊ သြဂုတ်လ (၈) ရက်နေ့တွင် လွှတ်တော် အခွင့်အရေးကော်မတီမှ တဆင့် ဒုတိယအကြိမ် အဆိုပြု တင်ပြလာပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင့် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန်တင်ပြလာခြင်း ဖြစ်ကြောင်း” လို့ပါရှိပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက “လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ် ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည့် အပြင် အဆိုပါ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေခြင်းအား ၎င်းက ကန့်ကွက် ခဲ့ပါသည်။

အဆိုပါ သ၀ဏ်လွှာများကို လေ့လာရာတွင် အစိုးရနှင့် လွှတ်တော်ကြား အဓက သဘောကွဲလွဲချက်ကို ထင်ရှားစွာ တွေ့ရှိရလေသည်။ နိုင်ငံတော်အစိုးရက `ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့သည် ပြည်ထောင်စု အဆင့် ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်ပါကြောင်း´ ဟု သ၀ဏ်လွှာ တွင် ဖော်ပြထားရာ ၎င်းတို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ပြည်ထောင်စုအဆင့်နှင့် လျော်ညီသော ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရမည်စိုးသောကြောင့် ထိုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ကြောင်း     အကြောင်းပြပါသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ အဓိကအားဖြင့် ဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်များကို ပြောဆိုနေခြင်း ဖြစ်ပါသည်။ ရပိုင်ခွင့်များကို တောင်းဆိုခြင်း မဟုတ်ပါ။ ဤအချက်သာလျှင် အစိုးရနှင့် လွှတ်တော်ကြား အဓိက သဘောကွဲလွဲချက် ဖြစ်ပါသည်

လွှတ်တော်များဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် အခွင့် အရေးနှင့် ရပိုင်ခွင့် တစ်သတ်မှတ်တည်း သတ်မှတ်ပြီးသား ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အထွေအထူး တောင်းဆိုနေစရာ မလိုပါ။

ယခုလွှတ်တော်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှာ များသောအားဖြင့် မိမိကိုယ်ကို မိမိ ရပ်တည်နိုင်ခဲ့သူများ ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ မိမိတို့၏ ခိုင်မာသော စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေးကို စွန့်ခွာ၍ လွှတ်တော်သို့ လာရောက်ကြခြင်း၏ ရည်ရွယ်ချက်မှာ လွှတ်တော်တွင်းမှနေ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထိရောက်စွာ ပြုလုပ်နိုင်ရန်၊ အာဏာ (၃) ရပ်ကို အပြန်အလှန် ထိန်းကျောင်းနိုင်ရန်၊ နှစ်ပေါင်း ၅၀ ကြာ ၀န်းအစည်းပြေနေသကဲ့သို့ ဖြစ်နေသော တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြန်လည်ထူထောင်ရန်၊ ထာဝရငြိမ်းချမ်းရေးရ၍ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ရရှိစေရန်တို့ ဖြစ်ပါသည်။

ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှာ- ညွှန်ကြားရေးမှူးလောက်တောင် အဆင့် မရှိကြပါ။ ညွှန်ကြားရေးမှူးတောင်မှ နိုင်ငံတော်အစိုးရက လုံးချင်းအိမ်ရာ၊ တိုက်ခန်း၊ ကားများ ပေးထားပါသေး သည်။ လွှတ်တော်ကိုယ်စားလှယ်များမှာ နေတော့ အဆောင်၊ စားတော့ နေရာအမျိုးမျိုး၊ သွားတော့ လမ်းလျှောက်ဖြစ်နေခြင်းကို အစိုးရနှင့်တကွ မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ပါဝင်စားမှု မရှိကြပါ။ ဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်နှင့် နိုင်ငံသားအတွက်လာတာပဲ၊ ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက်ပဲဟု ခံယူပြီး ကိုယ့်ငွေကိုယ်ထုတ် ကိုယ့်အိတ်ကတ်ကို စိုက်ပြီး လာခဲ့ခြင်း ဖြစ်ပါသည်။

လွှတ်တော်ထဲရောက်တော့ ရုံးဝန်ထမ်း လုံလောက်မှုမရှိ၊ လိုအပ်သော စက်ပစ္စည်း ကိရိယာများ လုံလောက်မှု မရှိဘဲ ရေကိုတောင် ခွဲတမ်းနှင့် ရယူနေခြင်းဆိုတာကို အစိုးရက သိပါလေစလို့ မေးလိုက်ချင် ပါတယ်။ `ရုံးဝန်ထမ်း နေရာတွေမှာ ကိုယ်စားလှယ်တွေကိုယ်တိုင် ၀င်လုပ်၊ စက်ပစ္စည်းကိရိယာတွေကို ကိုယ်စားလှယ်တွေက အချိုးကျ ထည့်ဝင် ၀ယ်သုံး´၊ ဥက္ကဋ္ဌကြီး ကိုယ်တိုင် မိမိကိုယ်ပိုင် ငွေထဲမှ ထည့်ဝင်၍ လွှတ်တော်လှည့်ပတ်နေခြင်းသည် ကမ္ဘပေါ်တွင် မြန်မာတစ်နိုင်ငံသာ ရှိမည် ထင်ပါသည်။

ယခင် ပထမ/ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတုန်းက မေးခွန်းများ၊ အဆိုတင်တွင်းရာတွင် လွှတ်တော်သို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက တစ်လေးတစ်စား လာရောက်ဖြေဆို ဆွေးနွေးခဲ့ကြ ပါသေးသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ကလည်း ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီး ငွေစာရင်း အစီရင်ခံ စားကို တင်ပြခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်၏ အခမ်းအနားသို့လည်းကောင်း၊ ဂုဏ်သိက္ခာရှိရှိ၊ အင်္ဂါစဉ်နှင့်အညီ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ခုံရုံးက ` လွှတ်တော် (ပြည်သူ့/ အမျိုးသား၊ / ပြည်ထောင်စုဝအသီးအသီး ဖွဲ့စည်းထးသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပါယ် ဖွင့်ဆို ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း´ ဆုံးတ်ဖြတ်ချက်သည့် အပေါ်တွင် ပြည်ထောင်စုဝန်ကြီးများနှင့်အစိုးရများမှ လွှတ်တော်အပါအပေါ်တွင် အလေးအနက်ပြုမှု မရှိတော့ ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ၀န်ကြီးဌာန အသီးသီး၏ ငွေစာရင်း အစီရင်ခံစာကို မပို့တော့ခြင်း၊ ကော်မတီမှပေးပို့သော တိုင်စာနှင့်အခြားစာများအပေါ် အရေးယူ ဆောင်ရွက်မှု မရှိခြင်း/ ကော်မတီတွင်း ဆွေးနွေးမှုပြုရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဖိတ်ကြားရာတွင် အခက်အခဲ ကြုံတွေ့ခြင်း စသည်တို့ဖြင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၁၁ ပါ (က) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုရာမှာ လွန်စွာ ခက်ခဲနေပါသည်။ အပြန်အလှန် ထိန်းကျောင်းမှုမရှိခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို လိုလားသော ပြည်သူများကိုယ်စား  ပျောက်ဆုံးသွားမည်ကို လွန်စွာ စိတ်ပူနေမိပါသည်။ အဆိုပါ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်ကို အာဏာ (၃) ရပ်လုံးက လက်ခံ ကျင့်သုံးမှ ဒီမိုကရေစီစနစ် ရှင်သန်မည် ဖြစ်ကြောင်း တင်ပြလိုပါသည်။


1 comment:

koeyanmin said...

မှန်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာ အခွင့်အရေးတစ်ရပ်ကို တောင်းဆိုနေတာမဟုတ်ပါဘူး။
ဥပဒေက ပြဌာန်းချက်ကို ကတိသစ္စာ ဆိုထားသည်အတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်တာပါ။ ဖွဲ့စည်းပုံဥပဒေနှင့်
ဖွဲ့စည်းပုံဥပဒေကိုခိုင်လုံအောင် ပြဌာန်းပေးထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ရဲ့ နည်းပဒေတွေကို အကာအကွယ်ပြုခြင်းသာဖြစ်ပါတယ်။