Pages


 

Thursday, October 31, 2013

ဦးရွှေမန်းရဲ့ အမှားတော်ပုံများ (အပိုင်း - ၃)

0 comments

အခုတစ်ခါမှာတော့ ရာထူးရဖို့အတွက် ဦးသိန်းစိန်ကို နိုင်ငံရေးပြိုင်ဘက်အဖြစ်က ဖယ်ထုတ်ဖို့ကြိုးစားပုံ၊ နာမည်ကောင်းရဖို့ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အသံကောင်းဟစ်ပုံတွေကို ဆက်လက်ဖော်ပြပါအုံးမယ်။

အောက်တိုဘာလအတွင်း သူရဦးရွှေမန်းရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ဧရာဝတီသတင်းဌာနက အင်တာဗျူး လုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာ သူရဦးရွှေမန်းက ၂၀၁၅ မှာ ဦးသိန်းစိန် သမ္မတဆက်လုပ်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ လွှတ်တော်မှာလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာလည်း     လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတနေရာကို အရွေးချယ်မခံ တော့ဘူးလို့ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ပြောဆိုပါတယ်။ ဒါကြောင့်မို့လို့ လူကြီးတစ်ယောက်ပြောတဲ့ စကားဟာ အင်မတန်မှ တည်ကြည်ပါတယ်။ ဒါကြောင့် နောင် ၂၀၁၅ သက်တမ်းမှာလည်း လက်ရှိသမ္မတကြီး ဦးသိန်းစိန် ဝင်ရောက်ရွေးချယ်မခံတော့ ဘူးဆိုတဲ့စကားဟာ မှန်ပါတယ် ဆိုပြီး ထပ်ပြောပြန်ပါတယ်။ ဦးရွှေမန်းရဲ့ ပြောကြားချက်များက မြန်မာ ဘာသာနဲ့သာမက အင်္ဂလိပ်ဘာသာနဲ့ပါ သမ္မတဦးသိန်းစိန် ၂၀၁၅ မှာ သမ္မတ မလုပ်ကြောင်းသတင်းတွေ တစ်ကမ္ဘာလုံးကိုပျံ့နှံ့စေခဲ့ပါတယ်။ ဦးရွှေမန်းရဲ့လုပ်ဆောင်မှုတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက်အချင်းချင်း ဦးသိန်းစိန်ကို ပြိုင်ဘက်အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ်လို့ ပြည်တွင်းနိုင်ငံရေးလေ့လာသူများက သုံးသပ်ကြပါတယ်။ သမ္မတကြီးကိုယ်တိုင် ပြောဆို ပါတယ်။ ဒါကြောင့်မို့လို့ လူကြီးတစ်ယောက်ပြောတဲ့စကားဟာ အင်မတန်မှ တည်ကြည်ပါတယ်  ဆိုတဲ့ ဦးရွှေမန်းသုံးနှုန်းသွားတဲ့ စကားကိုက နောက်ရွေးကောက်ပွဲ မဝင်ရဲအောင် ပြောဆိုခဲ့မှန်း သိသာပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ သမ္မတလုပ်ချင်ကြောင်း ပြောဆိုထားတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း ၂ ဦးပဲ ရှိပါတယ်။ ဦးသိန်းစိန်ပါ ပါရင် ဦးရွှေမန်းရဲ့ ပြိုင်ဘက် ၂ ဦးဖြစ်သွားတာကြောင့် ဦးရွှေမန်းက ဦးသိန်းစိန်ကို ဖယ်ထုတ်ဖို့အတွက် ကိုယ်နဲ့ မဆိုင်ပဲ ဦးသိန်းစိန် ၂၀၁၅ သမ္မတမလုပ်ဘူးဆိုပြီး လိုက်ပြောတဲ့သဘောရှိပါတယ်။

ဒီထိုးနှက်ချက်များကြောင့် ဦးသိန်းစိန်လည်း မိန့်ခွန်းမှာထည့်ပြီး ရှင်းလင်း ရပါပြီ။ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း  လက်ရှိသမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေးပြောကြားမယ် လို့  ဖြေရှင်းနေရပါတယ်။ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ကြိုတင်သဘောတူပြီး ထုတ်ပြန်ခဲ့တာမဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဝန်ထမ်းလစာတိုးရေးကိစ္စ၊ ကော်မတီ/ကော်မရှင်များ ပြည်ထောင်စုအဆင့် သတ်မှတ်ရေးကိစ္စ၊ ခုံရုံး နှုတ်ထွက်သွားသည့် ကိစ္စများကြောင့် သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေရှိနေတယ်လို့ အများက ယူဆနေပြီး အစိုးရဝန်ကြီးများ၊ ဒုဝန်ကြီးများ လွှတ်တော်ထဲရောက်ချိန်တိုင်းမှာ ဖိအားပေးမှုတွေ လုပ်လာတာ သတိထားမိပါတယ်။ ဧရာဝတီနဲ့ အင်တာဗျူးမှာလည်း  လွှတ်တော်ဆိုတာလည်း အစိုးရပဲ လို့ ပြောဆိုခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်နဲ့ တွေ့တုန်းကလည်း အစိုးရကို ကိုယ်စားပြုသလိုလိုနဲ့ ရေနက်ဆိပ်ကမ်းကိစ္စတွေ ဆွေးနွေးခဲ့တာကြောင့် ထိုင်းလုပ်ငန်းရှင်တွေကတောင် ဘယ်သူနဲ့ဆက်သွယ်ပြီး လုပ်ရမလဲဆိုတာ ဝေခွဲမရ ဖြစ်သွားခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က လွှတ်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့  ရွေးကောက်ပွဲဖြစ်အောင် ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ) က တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလား  ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ဦးရွှေမန်းက   Free and Fair ဖြစ်ဖို့အတွက်တော့လိုတယ် လို့တော့ ဒီလိုပဲပြောချင်ပါတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဆိုလိုတာက Fair ဖြစ်ဖို့အတွက် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်သင့်တယ်ဆိုတဲ့ သဘောပါ။

စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရွှေမန်းဟာ စစ်တပ်ကကာကွယ်နေတဲ့ အခြေခံဥပဒေကိုပြင်မယ်လို့ ပြောတာကိုတော့ သံသယဖြစ်မိပါတယ်။ ပြီးတော့ ဦးရွှေမန်းပြောတဲ့အချိန်က ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်အတွင်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် အစိုးရနဲ့စစ်တပ်ကို ဖိအားပေးဖို့ ပြောဆိုနေချိန်နဲ့အချိန်ကိုက် ဖြစ်နေပါတယ်။ ဒါဟာ သမားရိုးကျတိုက်ဆိုင်မှုတော့ ဖြစ်ဟန်မတူပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ သူတွေဆီက ထောက်ခံမှုရအောင် အကွက်ဆင်တာလည်းဖြစ်နိုင်ပါတယ်။ ဦးသိန်းစိန်ကိုလည်း ဖယ်ထုတ်နိုင်ပြီး ပြည်သူတွေဆီက မဲတွေရပြီးချိန်မှတပ်နဲ့ပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခြေထိုးခံလိုက်လို့ ဒေါ်အောင်ဆန်း စုကြည်ကွင်းထဲကထွက်သွားရင် ဦးရွှေမန်းက ပြိုင်ဘက်မရှိ သမ္မတဖြစ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။

အခုချိန်ထိ လက်ရှိ မြန်မာ့နိုင်ငံရေးကို ဦးသန်းရွှေက နောက်ကွယ်က ကြိုးကိုင်နေတာလားဆိုပြီး အမျိုးမျိုးထင်မြင်ချက်ပေးနေချိန်မှာ သြဂုတ်လ ၂၄ ရက်နေ့ လွှတ်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ   ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်  လို့ ပြောဆိုကြောင်း မီဒီယာတွေကို ပြောလိုက်ပါတယ်။ အဲဒီချိန်ကစပြီး  စိုးရိမ်တယ်  ဆိုတဲ့စကားက မြန်မာသတင်းလောက တစ်ခုလုံးမှာ ပျံ့နှံ့သွားပြီး နိုင်ငံရေးသမားများကလည်း တကယ်စိုးရိမ်သွားကြပါတယ်။

တဖက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သင့်တင့်အောင်ပေါင်းပြီး အခြေခံဥပဒေ ပြင်မယ်လုပ်နေပေမယ့် အခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကန်တော့ခဲ့တဲ့အကြောင်း၊ အခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် လက်ရှိရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေးတွေအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက  စိုးရိမ်တယ်လို့ မှာလိုက်ကြောင်း ပြန်ပြောတာတွေက ပဟေဠိဆန်ပြီး ကြောက်စရာကောင်းတဲ့ လှည့်ကွက်တွေ လို့ထင်ပါတယ်။ အနာဂတ်မှာ နိုင်ငံရဲ့သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ထားသူတစ်ဦးအနေနဲ့ မိမိအကျိုးရှိဖို့ အခြားသူများကို အသုံးချတဲ့အမှားမျိုး မကျူးလွန်မိဖို့လိုကြောင်း ရေးသားလိုက်ရပါတယ်။

         မောင်ပေါက်ကျိုင်း
 

No comments: