Pages


 

Wednesday, October 30, 2013

ဦးရွှေမန်းရဲ့ အမှားတော်ပုံများ (အပိုင်း-၂)

0 comments
 
ဦးရွှေမန်းရဲ့ အမှားတော်ပုံများ (အပိုင်း-၁) ( http://democraticwave.blogspot.com/2013/10/blog-post_29.html ) မှာ ဝန်ထမ်းလစာတိုးရေး၊ ကော်မတီ-ကော်မရှင် ပြဿနာ၊ ခုံရုံးတစ်ဖွဲ့လုံးနှုတ်ထွက်သွားရသည့် မှားယွင်းမှု၊ ဦးလွန်းမောင်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးမှု နှင့် ဦးရွှေမန်း၏ အရှိန်အဝါဖြင့် မိသားစုဝင်များ စီးပွားရေး ကြီးဆိုးမှု တစ်စိတ်တစ်ဒေသကို ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခု အပိုင်း (၂) မှာတော့ မိသားစုဝင်များမှ ဦးရွှေမန်း၏ အရှိန်အဝါသုံးကာ စီးပွားရေး အောင်မြင်ဖြစ်ထွန်းနေမှု အပြည့်အစုံ နဲ့ တစ်ချိန်က ဦးရွှေမန်းကိုယ်တိုင် တပ်မြေများသိမ်းဆည်းခဲ့ပြီး အခုချိန်ကျမှ မည်သို့မည်ပုံ ခေါင်းရှောင် လွှဲချ ပုံကို ဆက်လက်ဖော်ပြပါအုံးမယ်။

တပ်ကထွက်ခိုင်းပြီး လွှတ်တော်ထဲကို ဆက်ပြီးခေါ်သွားတဲ့ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်းကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြားထားပြီး Red Link နဲ့ ချယ်ရီ FM တို့ကို ပိုင်ဆိုင်ပါတယ်။

ဦးတိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့တပည့်ပါ၊ Eleven, The Voice, Street View နဲ့အခြား ဂျာနယ်အတော်များများကို ကိုင်ထားတဲ့အပြင် Max ဇော်ဇော်၊ ထူး-တေဇတို့နဲ့ပေါင်းပြီး မီဒီယာတွေကို နောက်ကွယ်က ထောက်ပံ့ပေးထားတယ်။ တိုးနိုင်မန်းရဲ့ကော်မရှင်ဟာ အမှန်တော့ အစိုးရကို ရှဲဒိုးလုပ်ဖို့ ဖွဲ့ထားတာ ဖြစ်ပါတယ်။ ပြီးတော့ ဦးရွှေမန်းရဲ့ချမ်းသာကြွယ်ဝမှုက တေဇနဲ့ထွန်းမြင့်နိုင်တို့ထက် မသာရင်သာ နေမယ်။ လျော့တော့ မလျော့ဘူး။ လုပ်ငန်းအားလုံးကို ပတ်လည်ရိုက်ပြီး သပွတ်အူပါအောင် လုပ်ထားတာ ဖြစ်တယ်။ ခင်ရွှေပိုင်တာလည်း ဗိုလ်ရွှေမန်းရဲ့ပိုင်ဆိုင်မှုတွေပဲ။ အောင်သက်မန်းဆိုရင် ဧရာဝတီတိုင်းမှာ ဓါတ်မြေသြဇာအညံ့စားတွေကို မယူမနေရ နှစ်ဆိုင်းနဲ့ရောင်းချပြီး သူဌေးဖြစ်လာတာ။ ဦးပိုင်လီမိတက်နဲ့ပေါင်းပြီး သိန်းထောင်ချီ အပြောက်ရိုက်ထည့်တာကို ဦးပိုင်ကလူတွေအာချောင်လို့ ဦးတင်အေးက ဖုံးဖိထားခဲ့ရပါသေး တယ်။ E-Lite, Red Link, ထူး၊ Max အကုန်လုံးဟာ တိုးနိုင်မန်း ပါဝင်လုပ်ဆောင်နေတာဖြစ်တယ်။ ဖခင် ဦးရွှေမန်းကတော့ လွှတ်တော်ထဲမှာ ဝတ်ရုံရှည်ကြီးဝတ်နေပြီး သားတွေကတော့ အဖေ့အရှိန်နဲ့ ကုဋေကြွယ် သူဌေးကြီးတွေဖြစ်နေပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် သားသမီးတွေက ဖခင်အရိပ်အာဝါသမပါဘူး ဆိုပြီး ဦးရွှေမန်း ပြောခဲ့ပါတယ်။

ဆဌမအချက်ကတော့ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တဲ့ ပြစ်မှုတွေကို ကိုယ်နဲ့လုံးဝ မသက်ဆိုင်သလို ခေါင်းရှောင်တဲ့ကိစ္စပါ။ သူရဦးရွှေမန်းရဲ့ အားကောင်းချက် အားသာချက်က အရင်စစ်အစိုးရကာလမှာ အုပ်ချုပ်ရေးပိုင်းကို ထဲထဲဝင်ဝင် နှံ့စပ်သိမြင်ခဲ့တယ်။ ဥပဒေတွေကို တီးမိခေါက်မိ ရှိထားတယ်။ နိုင်ငံတကာ ဆက်ဆံရေးကို အထိုက်အလျောက်နားလည်တယ်။ မြန်မာပြည်က နိုင်ငံရေးသမားတွေရဲ့ အညှာကို သဘော ပေါက်ထားတယ်။ နောက်ဆုံး သူ့ရဲ့အားအကောင်းဆုံးအချက်က နိုင်ငံရေးသမားတိုင်းမှာ မရှိမဖြစ်တတ်ကျွမ်း ထားရမယ့် လူထုကြိုက်စကားကို အချိန်အခါအလျောက် ရွေးချယ်ပြောတတ်ခြင်းပါပဲ။ မြေသိမ်းပြဿနာ တွေကြောင့် ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်နေချိန်မှာ စစ်အစိုးရလက်ထက်က နံပါတ် ၃ အဆင့်ရှိခဲ့တဲ့ ဦးရွှေမန်း က သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ဘဲ မြေယာများကို စိတ်ကောင်းစေတနာဖြင့် ပြန်ပေးဖို့၊ တောင်သူများ အပေါ် စာနာစိတ်ထားရှိဖို့ သမ္မတဆီကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ စစ်တပ်က ထွက်လာတဲ့ အသံတွေ ပြန်နားထောင်ကြည့်တော့ အရင် အစိုးရလက်ထက်က မြေသိမ်း၊ ယာသိမ်းတွေကို အဓိက ဦးဆောင်လုပ်ခဲ့တာ ဦးရွှေမန်းပါတဲ့။ ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံတို့ ရုရှားနိုင်ငံတို့ဆီသွားပြီး လက်နက်တွေ စာချုပ်တွေ ချုပ်ခဲ့တဲ့ ဓာတ်ပုံတွေက ဦးရွှေမန်း အဆင့်ပဲ လုပ်ခဲ့တာ အင်တာနက်ပေါ်က ဓာတ်ပုံတွေက သက်သေပါ။ အဲ့ဒီချိန်က ဦးသိန်းစိန်ဆိုတာ စစ်တပ်မှာ ဦးရွှေမန်းလောက် ဘာမှ လုပ်ပိုင်ခွင့်ရှိတာမဟုတ်ပါဘူး။ စစ်အစိုးရလက်ထက်က ကိုယ်တိုင်ဦးဆောင် လုပ်ခဲ့တဲ့ အလုပ်ကို အခုချိန်မှ နာမည်ကောင်းယူပြီး တခြားသူတွေဆီ ထိုးပေးတာက နိမ့်ကျတဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့ လုပ်ရပ်တွေပါ။

လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီးနောက်ပိုင်း ဦးရွှေမန်းပြောတဲ့မိန့်ခွန်းတွေ၊ သ၀ဏ်လွှာတွေ၊ မီဒီယာ တွေ့ဆုံပွဲတွေမှာ ပြောခဲ့တဲ့စကားတွေကို ပြန်ပြီးစီစစ်ကြည့်ရင် ရှေ့တန်းစစ်မျက်နှာပြင်မှာကွပ်ကဲနေတဲ့ တပ်မှူး တစ်ယောက်ရဲ့ စကားသံတွေလိုပါပဲ။ ဦးရွှေမန်းဟာ နောက်လိုက်အခြံအရံများနဲ့ နေရတာကိုပျော်မွေ့သလို အာဏာလည်း အထူးမက်မောသူပါ။ ပြည်ထောင်စုလွှတ်တော်မှာ နာယကဖြစ်တော့ ညစာစားပွဲနဲ့ ရုပ်ရှင်ပွဲ တောင် လုပ်လိုက်ပါသေးတယ်။ လွှတ်တော်က ဥပဒေပြုရေးဆိုပေမယ့် အာဏာသုံးရတာကို ဦးရွှေမန်းက နှစ်ခြိုက်ပါတယ်။ ဒါကြောင့် ဥပဒေပြုရေးနဲ့ မဆိုင်ပဲ အစိုးရတာဝန်ဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် ထိုင်းဝန်ကြီးချုပ်ကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တာပဲကြည့်ပါ။ ဒါ့အပြင် ၂၀၁၅ မှာ သမ္မတဖြစ်ချင် တယ်ဆိုတဲ့ စကားကို ဟန်မဆောင်နိုင်ပဲ ဖွင့်ဟခဲ့ခြင်းက ဦးရွှေမန်းရဲ့ အာဏာမက်မောမှုကို သိသာထင်ရှား စေပါတယ်။

ဦးရွှေမန်းဟာ ၎င်း နာမည်ကောင်းရဖို့အတွက် လုပ်ဖော်ကိုင်ဖက်ချင်းတောင် ဘဝပျက်အောင် နင်းတက်ခဲ့တာပါ။ လစာကိစ္စကြောင့် သမ္မတဦးသိန်းစိန် အကြပ်ရိုက်ခဲ့ရပါတယ်။ ကော်မတီ ကော်မရှင် ပြဿနာကြောင့် ခုံရုံးအဖွဲ့ ၉ ယောက်လုံး နှုတ်ထွက်ခဲ့ရပါတယ်။ မြေသိမ်းပြဿနာကို စစ်တပ်က ဒိုင်ခံဖြေရှင်းနေရပါတယ်။ ဦးလွန်းမောင်လည်း ဘဝပျက်ပြီးထမင်းရောင်းနေရပါပြီ။ ဘယ်သူသေသေ ငမန်းမာရင်ပြီးရောဆိုတဲ့ ဦးရွှေမန်းဟာ ၂၀၁၅ ကျရင် သမ္မတဖြစ်ဖို့ လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ပြီးနင်းပါ လိမ့်မယ်။ အစ်မကြီး အစ်မကြီးဆိုပြီး အကပ်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နင်းပြီးတက်မှာ ဖြစ်ကြောင်း  ဦးရွှေမန်းနှင့်ပတ်သက် ဆက်နွယ်ကြသူအပေါင်း ကြိုတင်ပြင်ဆင်နိုင်ရန် သတိပေးလိုက်ရပါတယ်။
 
ဆက်လက်ဖော်ပြပါအုံးမည်။
 
(မောင်ပေါက်ကျိုင်း)

 

No comments: