Pages


 

Saturday, August 21, 2010

“ပျက်အောင် ဖျက်ကြရမဲ့ ရွေးကောက်ပွဲနဲ့ သတိထားကြရမဲ့ စိတ်ဓါတ်စစ်ဆင်ရေး”

0 comments
“ပျက်အောင် ဖျက်ကြရမဲ့ ရွေးကောက်ပွဲနဲ့ သတိထားကြရမဲ့ စိတ်ဓါတ်စစ်ဆင်ရေး”
မောင်ချင့်ချိန်
“အာရုံဦးမှာဖူးသည့်ကြာ”တဲ့ ၊ အင်တာနက်စာမျက်နှာတွေနဲ့ Group Mail တွေထဲမှာ အပြောများလာပြီး ပါတဲ့သရုပ်ဆောင်တွေကို ဆန္ဒပြရေး မပြရေး ၊ အငြင်းပွား နေကြကထဲက ကျွန်တော်စိတ်ဝင်စားခဲ့တာပါ ။ န၀တ/နအဖ (စစ်အာဏာရှင်) ခေတ် ၂၂ နှစ်သက်တမ်းမှာ“ပါပီမ”ဇတ်လမ်းကစလို့ ခု“အာရုံဦးမှာ ဖူးသည့်ကြာ” ထိ စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေး ၊ ပေါ်လစီကားဆိုတာတွေ မနည်းတော့ပါဘူး ၊ အဆင့်တန်းရှိရှိ ၊ သိက္ခာရှိရှိနဲ့ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ဆိုပြီး ပြည်သူကိုစည်းရုံးတဲ့ဇတ်ကားတွေထက် တဘက် (တော်လှန်သူတွေ)ကို မဟုတ်တမ်းတရားပြောအပုတ်ချရိုက်ကူးထားတဲ့ အောက်တန်းကျတဲ့ ဇတ်လမ်းတွေပဲ ဖြစ်ခဲ့ပါတယ် ။
၁၉၇၄အလုပ်သမားအရေးတော်ပုံ ၊ ဦးသန့်ဈာပနနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ထိခိုက်စော်ကားထားပြီး ၊ သမိုင်းကို လိမ်ညာထားတဲ့ အဲဒီဇတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကို ဗီဇာပိတ်ဘို့ တောင်းဆိုတာတွေ ၊ နေတိုးနဲ့အဖွဲ့ကို အင်္ဂလန်မှာဆန္ဒပြကြတာတွေ ၊ ဘတ်ဖဲလိုးမြို့မှာ ၀ိုင်းစုခိုင်သိန်း ကို ဆန္ဒပြကြတာတွေနဲ့ ကိုယ့်အချင်းချင်း အငြင်းပွားရတာတွေ အတွက် ဒီဇတ်ကားအကြောင်း ရေရေရာရာသိချင်ပြီး လေ့လာဖြစ်ခဲ့ပါတယ် ။
ရုပ်ရှင်ကိုမကြည့်ရခင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦး(အဲဒိကားရဲ့ဇတ်ညွှန်းနဲ့ဒါရိုက်တာ)တို့ရဲ့ အင်တာဗျူးကို အရင်ဖတ် ဖြစ်ခဲ့ပါတယ် ၊ အဲဒီမှာထဲက တင်သန်းဦး ကိုယ်တိုင်က ဒီဇတ်ကားဟာ နအဖ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောင်ကျလွန်းတဲ့ စိတ်ဓာတ် စစ်ဆင်ရေးဖြစ်နေတယ် ၊ သူကိုယ်တိုင် သဘောမကျတာတွေရှိတယ် ဆိုတာမျိုး ၀န်ခံထားတာတွေ တွေ့ရတဲ့အတွက် တင်သန်းဦးလို စိတ်ဓါတ်စစ်ဆင်ရေးဌာနမှာနှစ်၂၀ကျော်လုပ်ခဲ့တဲ့ ဦးစီးအရာရှိပထမတန်း ဒုဗိုလ်မှုးကြီးတယောက် တောင် စိတ်မပါပဲ လုပ်ပေးခဲ့ရပါတယ်ဆိုရင် သာမန် အနုပညာရှင်တွေမျှသာဖြစ်တဲ့ ၆၈ယောက်သော လူကြမ်းတွေ၊ နိုင်ငံကျော် မင်းသားမင်းသမီးတွေ ၊ မော်ဒယ်တွေ ကရော စိတ်ပါလက်ပါ ရိုက်ပေးခဲ့ရတာ ဟုတ်ပါဦးမလား ၊ ပြီးတော့ ဘယ်လောက်တောင် သိမ်ဖျင်းယုတ်ညံ့အောက်တန်းကျနေမလဲ စဉ်းစားမိပါတယ် ။
ဒီနေရာမှာ သရုပ်ဆောင်တွေကို ဆန္ဒပြသင့်သလားဆိုတဲ့ အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ခုကို ကြားဖြတ်ပြောချင်ပါတယ် ၊ အနုပညာသည်ဆိုတာလဲ အာဏာရှင်ခိုင်းရာလုပ်ရတဲ့ ဖိနှိပ်ခံတွေပါပဲဆိုပေမဲ့ အကန့်အသတ်တော့ရှိရပါမယ် ၊ အနုပညာသည်ဆိုတာကိုက ပြည်သူလူထုက ကျွေးတာစားပြီး ပြည်သူကို အလုပ်အကြွေးပြုဘို့ပါ ၊ ပြည်သူကို အဆိပ်ဆေးတိုက်ဘို့ မဟုတ်ပါဘူး ၊ ဇတ်ကားတစ်ကားရိုက်ဘို့ ထုတ်ဝေသူတွေ ၊ ဒါရိုက်တာတွေက ကမ်းလှမ်းလာရင် ဇတ်လမ်းကို အရင်ဖတ်ပြီးမှာ လက်ခံကြရတာပါ ၊ ဇတ်ဝင်ခန်းမှာ ပြောရမဲ့ ဒိုင်ယာလော့ (စကားလုံး)တွေကိုလဲ ကြိုပြီးကျက်မှတ်ထားရတာပါ။
ဒီတော့“မသိလို့ပါ”ဆို တာမျိုးဆင်ခြေက ယုတ်တိ မတန်သလို ၊ “မလွန်ဆန်နိုင်လို့ပါ” ဆိုရင်လဲ ဘာအတွက်မလွန်ဆန်နိုင်တာလဲ ထပ်မေးရမှာပါ ၊ ပြည်သူကို အသိမှား အယူအဆမှားတွေ ဖြစ်စေတာ အနုပညာကိုသစ္စာဖေါက်တာ ဖြစ်သလို ပြည်သူကို စော်ကားတာလဲ ဖြစ်ပါတယ် ၊ အဲဒီတော့ သူတို့လဲ ဖိနှိပ်ခံတွေပါပဲလေ... ဆိုပြီး ငြိမ်နေလိုက်ရင် ပြည်သူကို ခံစားမှုတွေ ပေးနိုင်စွမ်းရှိတဲ့ အနုပညာသည်တွေ လမ်းမှားဆက်လျှောက်မိနေနိုင်ပါတယ် ၊ ဘယ်သူမှဘာမှ တတ်နိုင်တာမှမဟုတ်ပဲ ၊ အာဏာပိုင်တွေ အလိုလိုက် တာ ဘေးကင်းတာပဲ ဆိုတဲ့သူတွေကိုလဲ၊ ဘယ်လို အခြေအနေမှာမှ ပြည်သူကို စော်ကားလို့မရဘူးဆိုတာပြရပါမယ်၊ ဒီတော့ သရုပ်ဆောင်တွေကို ဆန္ဒပြသင့်ပါတယ်၊ ပြကိုပြကြရပါမယ် ၊ ကန့်ကွက် ရှုတ်ချကြရပါမယ် ၊ တခုတော့ရှိပါတယ် ၊ သရုပ်ဆောင်တွေအနေနဲ့ မလွန်ဆန်နိုင်လို့ ပါဝင်မိခဲ့တာပါဆိုတာနဲ့ ၊ တကယ့်ဖြစ်ရပ်မှန် ဇတ်လမ်းမဟုတ်ပဲ အာဏာပိုင်တွေ ဖန်တီးထားတဲ့ ဇတ်လမ်းသာ ဖြစ်တယ်ဆိုတာ မီဒီယာတွေကနေ ပြည်သူသိအောင် ၀န်ချတောင်းပန်ရင် ခွင့်လွှတ်ပေးရပါမယ် ၊ သဘောထားကြီးရမယ် ၊ မြင့်မြတ်ရမယ် ၊ အမြင်ကျယ်ရမယ်ဆိုပြီး ၀ါရင့်နိုင်ငံရေးသမားကြီးတွေလို လေသံနဲ့ အနုပညာသည်လောက်ကို ဆန္ဒပြဘို့မလိုဘူး ယူဆသူ တွေအနေနဲ့ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပေမဲ့ ၊ ပြည်သူကိုစော်ကားရင် ၊ ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်း သွေးနဲ့ရေးခဲ့တဲ့ သမိုင်းတွေကိုဖျက်ဆီးရင် ၊ ဘယ်သူ့ကိုဖြစ်ဖြစ် ဆန့်ကျင်ရမှာပဲ ယူဆတဲ့ စစ်အာဏာရှင်တွေရဲ့ ယုတ်မာ ကောက်ကျစ်မှုတွေကို ခါးခါးသီးသီး နာကျည်းခံပြင်း နေသူတွေရဲ့ သဘောထားကိုတော့ ကန့်လန့်မလုပ်သင့်ပါဘူး ၊ ခုလိုအချိန် ၀န်ချ တောင်းပန်ဖြေရှင်းမှု မလုပ်ရသေးတဲ့ အနုပညာသည်တွေကို ဖက်လှဲတကင်း ဆက်ဆံခြင်းဟာ လူမိုက်အားပေးလုပ်နေ သလို၊ ရန်သူ(စစ်အာဏာရှင်တွေ)ရဲ့ ၀ါဒဖြန့် စိတ်ဓါတ် စစ်ဆင်ရေးလုပ်ငန်းတွေကို အထောက်အကူ ပြုပေးနေသလိုဖြစ်စေမယ်ဆိုတာ သတိထားသင့်ပါတယ်။
ဇတ်ကား အကြောင်းပြန်ဆက်ရရင် မဇ္ဈိမသတင်းဌာနနဲ့ တင်သန်းဦး အင်တာဗျူးမှာတင် စိတ်ဝင်စားစရာ အချက်တွေတွေ့ပါတယ် ၊ တင်သန်းဦး ကိုယ်တိုင်ရဲ့အပြော တွေထဲက “ဦးတည်ချက်က ဘာကိုဆိုလိုချင်တာလဲ။ ဦးတည်ချက် တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲပေးရမှာ ၊ ခုဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို ”ဆိုတာမျိုးနဲ့ “စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီးလုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူးပေါ့နော်။ စာရေးရင်တမျိုး ၊ အသံလွှင့်နေရင်လည်း ဘယ်က လွှင့်နေမှန်းမသိဘူး ဒါမျိုးတွေက စိတ်ဓာတ် စစ်ဆင်ရေးစနစ်ပေါ့ ။ နောက်တမျိုးက အထင် ကရလုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့ စစ်ဆင်ရေး။ ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ရင် ဒါမျိုးမလုပ်ဘူး။ ခုက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုးမဟုတ်ဘူး။ လုပ်လို့လုပ်လိုက်မှန်း မသိအောင်လုပ်တာ။ စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒတခုရှိပါတယ်။ သီအိုရီ ပါပဲ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ အခု ဒီကားမှာ ဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။” ဆိုတာတွေက စိတ်ဝင်စားစရာအချက်တွေပါ။
တင်သန်းဦးလို ကိုယ်တိုင် ပေါ်လစီ ဇတ်လမ်းတွေရေး ၊ ဒါရိုက်တာ လုပ်ဇတ်လမ်းတွေရိုက် ၊ ဖော်လံဖား ဆောင်းပါးတွေ တောက်လျှောက်ရေးပြီး ၂၀၀၇ခုနှစ်ကမှ ကျန်းမာရေးမကောင်းလို့ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှုးကြီးရာထူးကနေ (ခံစားခွင့်တွေအများကြီးရပြီးမှ) အနားယူလိုက်တဲ့သူက ဒီဇတ်လမ်းကျမှ စိတ်မပါပဲ လုပ်ပေး ခဲ့ရတာလို့ ဘာလို့ပြောတာလဲ ၊ ဒီဇတ်ကားအတွက် သမိုင်းဆိုင်ရာ အချက်အလက်တွေ စီစစ်တဲ့ ချစ်နိုင်စိတ်ပညာက ဗိုလ်မှုးဟောင်း ၊ တက္ကသိုလ်မြတ်သူဆိုတာက (စစ်ဗိုလ်မှန်းဘာမှန်းသာမသိတာ) သတင်းစာတွေမှာ စစ်အုပ်စုအလိုကျဝါဒဖြန့်ချီရေး ပင်တိုင်ဆောင်းပါးရှင်၊ တင်သန်းဦးနဲ့ ကပုလင်းတူဗူးဆို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အရေးပါ အရာရောက်သူတွေ ၊ ပရိသတ်ရဲ့အကြိုက်ကို ဆန့်ကျင်တယ်ဆိုတာလဲ သိသိနဲ့ဆိုတော့ ဦးတည်ချက်က ဘာလဲ ၊ ဟိုဦးတည်ရမလို ဒီဦးတည်ရမလို ဖြစ်နေတယ်လဲ ပြောသေးတယ် ၊ စိတ်ဓါတ် စစ်ဆင်ရေးကျတော့ ဒဲ့ဒိုးဆန်တယ်လဲ ပြောသေးတယ် ၊ တင်သန်းဦး အဖြေတွေမှာတင် မရိုးသားမှုတွေလဲ ရှိနေပါတယ်။
ဇတ်လမ်းက ပထမပိုင်း ၊ ဒုတိယပိုင်း ၊ ဇတ်သိမ်းပိုင်းဆိုပြီး တပိုင်းမှာနှစ်ချပ်နဲ့စီဒီခြောက်ချပ် ။ န၀ရတ် ရွှေစင်ရုပ်ရှင် ဗီဒီယိုထုတ်လုပ်ရေးကနေ ဖြန့်ချီတာပါ ၊ လက်တွေ့ဘ၀နဲ့ ကင်းကွာနေတဲ့ ဘာဦးတည်ချက်ဘယ်နှစ်ရပ် ဆိုတာတွေနဲ့ ကြေငြာတွေအပြီး ပထမဆုံးစာတမ်းထိုးတဲ့ ကျေးဇူးတင်လွှာထဲက ၀ိုင်းဝန်း ပါဝင်ထားရသူ တွေဖြစ်တဲ့ တိုင်မှုးတွေ ၊ ၀န်ကြီးဌာနတွေ ၊ စစ်ဌာနချုပ်တွေ ၊ တိုင်းတယကတွေ ၊ စစ်တပ်တွေ ကိုကြည့်ရင် ဘယ်လောက်ထိ ၀ါဒဖြန့်ချီရေးရည်မှန်းချက် ကြီးကြီး ထားတဲ့ဇတ်ကားလဲ သိနိုင်ပါတယ် ၊ သမိုင်းကြောင်းနောက်ခံဖြစ်ရပ်မှန်ဇတ်လမ်းဆိုပြီး ပါဝင်တဲ့ မင်းသားမင်းသမီး ၊ မော်ဒယ် ၊ ဇတ်ရံ ၊ လူကြမ်းတွေ ကြေငြာပြီး ပထမဆုံးဇတ်ဝင်ခန်းမှာတင် ဒီဇတ်ကားရဲ့ ပြောင်ကျတာရော ၊ မသိမသာရော ၊ အောက်တန်းကျတာရော စိတ်ဓါတ်စစ်ဆင်ရေးဆိုတာတွေ စတွေ့တာပါပဲ ။
မဲပေးကြရတော့မယ် ဆိုတာပါတယ် ၊ ဆူဆူပူပူတွေမလုပ်ပြီးရောဆိုပြီး ၁၉၉၀ရွေးကောက်ပွဲမှာNLDကိုမဲပေးခဲ့ကြတယ် ဆိုတာပါတယ် ၊ ၁၉၇၄ မှာတပါတီစနစ်ကို ရာနှုန်းပြည့်ထောက်ခံ အခြေခံဥပဒေအတည်ပြုခဲ့ပြီး ကိုယ်အာဏာ မရသူတွေ ထလုပ်တဲ့ အလုပ်သမားအရေးအခင်း ဖြစ်ခဲ့တယ်ပါတယ် ၊ အရေးအခင်းဖြစ်ရင် ကျောင်းသားတွေ နစ်နာတယ် ၊ ကျောင်းတွေ အကြာကြီးပိတ်တယ် ဆိုတာပါတယ် ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး သက်တမ်းသုံးကြိမ် ဖြစ်ဘူးတဲ့ဦးသန့်က အမေရိကားမှာ ပါမောက္ခလား ကထိကလား လုပ်နေပြီး အစိုးရက နိုင်ငံခြားရေးဝန်ကြီး ပေးပါမယ်။ ခေါ်တာတောင်ပြန်မလာတဲ့သူ ၊ ဟိုမှာသဂြိုလ်လိုက်လဲ ရရဲ့သားနဲ့ အစိုးရက ကြံတောမှာ ဂူလုပ်ပေးရအောင် ပြန်သယ်လာတာ ၊ လုပြီး တက္ကသိုလ်ထဲမှာ လာလုပ်တာလေ ၊ ကျောင်းသားက၂၀၀လောက်ထဲ အရပ်သားက ၆၀၀၀လောက်နဲ့ ၊ဗကပယူဂျီတွေနဲ့ ပြည်ပြေးတွေရဲ့ လက်ချက်ပါတဲ့၊ အဲဒီမှာလဲ ကျောင်း ၆ လပိတ်တာပဲလေ ဆိုတာမျိုးလဲပါတယ်၊
နေပြည်တော် ဆိုတဲ့နေရာက လူတွေအပျော်အပါး သွားလာလို့ရတဲ့ နေရာတွေပါတယ် ၊ အဲဒီကနေ လွတ်လပ်ရေးရပြီးခေတ် ၁၉၄၉ကို ရောက်သွားလိုက်တာ နေ၀င်းအာဏာသိမ်းတဲ့ ၁၉၆၂ထိ အလယ်သား စီဒီိလေးချပ်စာလုံးကို ဘုရားမရှိတရားမရှိ ၆၄ ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ ဖအေကိုသားကပြန်သတ် အချင်းချင်းတွေသတ် လုပ်တဲ့ဗကပ ၊ ရထားလမ်း မိုင်းထောင် ၊ ရွာတွေဝင် ဆက်ကြေးကောက်
လူသစ်စု မိန်းကလေးတွေဆွဲလုပ်တဲ့ KNU ၊ပျူစောထီးလို ခါးပိုက်ဆောင်တပ်တွေမွေးပြီး ကိုယ်အာဏာရဘို့ သူငယ်ချင်း အချင်းချင်းတောင် ပြန်သတ်ခိုင်းနေတဲ့ တည်မြဲနဲ့သန့်ရှင်းဖဆပလ ၊ နိုင်ငံရေးဆိုတာ အာဏာမက်မောသူတွေ လုပ်တာ ၊ ရွေးကောက်ပွဲဥပဒေ ဆိုတာဒါပဲဆိုပြိး... သေနတ်ပြ ၊ တပ်မတော်ကတော့ အမြဲတမ်း ကယ်တင်ရှင်ဆိုတာတွေ ပြသွားပြီး နောက်ဆုံးချပ်မှာ ကျောင်းသားတွေ အသတ်မခံရပဲ အသတ်ခံရတယ် ၊ ကျောင်းသူတွေ မုဒိန်းအကျင့်မခံရပဲ ခံရတယ်...။ လိမ်ညာမြှောက်ပေးရာက ရှစ်လေးလုံးဖြစ်လာပြီး ခေါင်းတွေဖြတ် အလံကိုင်နှဘူးစီးနဲ့ လူတွေက နေ့ခင်းကြောင်တောင် လမ်းပေါ်ဓါးပြတိုက်လုပ်တာတွေပါတယ် ၊ ရှစ်လေးလုံးမှာ ဦးဆောင်တာက ပျူစောထီးခေတ် ဖဆပလခေတ်မှာ အာဏာလုခဲ့ကြသူတွေရဲ့ သားသမိးတွေဆိုတာလဲ ပါသေးတယ်၊ တောခိုကျောင်းသားတွေက မြို့ပေါ်ဖေါက်ခွဲရေး လုပ်ရအောင်ပြန်လာပြီး ကိုယ့်လက်ထဲတင် ပေါက်ကွဲတာပါတယ် ။
ကဲ..ဘယ်မှာလဲ အမှန်တရား.. အာဏာလက်ဝယ်ရှိသူက သမိုင်းရေးစတမ်းလို့ ဇတ်အိမ်မခိုင်မာတဲ့ ဆီသည်မ လက်သုတ်ဆိုပေမဲ့ ဒီတစ်ခါတော့ သမိုင်းတွေလိမ်ယုံ မဟုတ်တာတော့ သေချာတယ် ၊ ဦးတည်ချက်တွေက နိုင်ငံရေးဆိုတာ အနိဌာရုံတွေ ၊ စိတ်ဝင်စား အပ်တာမဟုတ် ဆိုတာမျိုး နိုင်ငံရေးကို လူတွေစိတ်မ၀င်စားစေ ချင်တဲ့ သဘောပါတယ် ၊ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ အချင်းချင်းနေရာလု ပြန်သတ် စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့ ရွေးကောက်ပွဲအပေါ် စိတ်မ၀င်စားကြစေချင်တဲ့ သဘောတွေပါတယ် ၊ ရွေးကောက်ပွဲဥပဒေဆိုတာဒါပဲလို့ သေနတ်ပြ ခြိမ်းခြောက်တဲ့ သဘောတွေပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲလဲ စိတ်မ၀င်စားကြနဲ့ ၊ နိုင်ငံရေးလဲ မပတ်သက်နဲ့ ဆိုတာမျိုး ပြောင်ရော မသိမသာရော စိတ်ဓါတ် စစ်ဆင်ရေးလုပ်တာပါပဲ ။
ဒီနေရာမှာအငြင်းပွားနိုင်ပါတယ် ၊ “ဟ စစ်အုပ်စုက ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ လူတွေကြားထဲ အတင်းဝါဒဖြန့်နေတာ ၊ လူတွေကိုရွေးကောက်ပွဲကို စိတ်မ၀င် စားအောင်လုပ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ ”ငြင်းနိုင်ပါတယ် ၊ သတိပြုကြရမှာက စစ်အုပ်စုဟာ ပြည်သူလူထုရဲ့ဆန္ဒအတွက် ရွေးကောက်ပွဲလုပ်တာ မဟုတ်ဘူးဆိုတာပါ ၊ စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သား အစိုးရတစ်ရပ် ...ပြောင်းပါပြီ ဆိုပြီး ကမ္ဘာကိုလိမ်ဘို့ ၊ အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဆက်ထိမ်းနိုင်အောင်လို့ ၊ သူတို့စိတ်တိုင်းကျ အခွံချွတ် ဒါမှမဟုတ် စစ်တပ်သြဇာခံ ကြံ့ဖွတ်၇၅%နဲ့ စစ်ယူနီဖေါင်းဝတ်၂၅% လွှတ်တော်ကိုယ်စားလှယ် တွေဖြစ်လာဘို့ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်မ၀င်စားလေ ပိုကောင်းလေပါ ၊ ဒါ့ကြောင့်တဘက်က ရွေးကောက်ပွဲဆိုပြီး ဟန်ပြနေသလောက် တကယ်တမ်းမှာ ပြည်သူတွေရွေးကောက်ပွဲကို စိတ်မ၀င်စားကြအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေ လုပ်နေတယ်ဆိုတာ သတိထားကြသင့်ပါတယ် ။
ဒီနေ့ပြည်သူတွေကြားမှာ စစ်အုပ်စုလိုချင်တဲ့ ပုံစံအတိုင်း ရွေးကောက်ပွဲကို စိတ်မ၀င်စားကြပါဘူး ၊ စစ်အုပ်စုကလဲ လူတွေ စိတ်ဝင်စားစား မစားစား ၊ မဲလာပေးပေး မပေးပေး ၊ သူ့ဘာသာ ရွေးကောက်ပွဲလုပ်ပြီး သူ့စိတ်တိုင်းကျဖွဲ့မဲ့ အစိုးရတစ်ရပ်ကြေငြာမှာပါ ၊ ရွေးကောက်ပွဲ လုပ်ဖြစ်ပြိဆိုတာနဲ့ လက်ရှိ အာဏာပိုင်တွေ အားလုံး ပြောင်ပြောင်တင်းတင်း ကျောထောက် နောက်ခံပြုပေးနေတဲ့ လက်ရှိယူနိဖေါင်းဝတ်ရော ယူနီဖေါင်းချွတ်ရော ဦးစီးတဲ့ ကြံ့ဖွတ်အဖွဲ့က အလိုလိုအနိုင်ရသွားမှာပါ ၊ ရွေးကောက်ပွဲကို
သပိတ်မှောက်ကြ ဆိုယုံတင်ကတော့ စစ်အုပ်စုအကြိုက်ပဲဖြစ်ပါလိမ့်မယ် ၊ စစ်အုပ်စုဖန်တိးထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေး အဆင့်အတိုင်းပဲဖြစ်သွားမှာပါ၊ ကျွန်တော်ဆိုလိုတာက လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုယုံနဲ့ စစ်အုပ်စုလုပ်ရပ်တွေကိုတားနိုင်မှာမဟုတ်ဘူး ၊ ရွေးကောက်ပွဲ ကို ပျက်အောင်ကိုဖျက်မှ စစ်အုပ်စုခြေလှမ်းကို ချိုးနိုင်မှာပါ ၊ ဒါဟာ စစ်အာဏာရှင် လက်အောက်မှာ နောင်ဘယ်လောက်ကြာဦးမလဲဆိုတဲ့ အဖြေလဲ ဖြစ်ပါတယ် ၊ ပြည်သူတွေကို ရွေးကောက်ပွဲကို စိတ်ဝင်စားအောင်ကိုလုပ်ရပါမယ် ၊ ဒါဟာ မဲသွားပေးဘို့မဟုတ်ပါဘူး ၊ ပျက်အောင်ဖျက်ဘို့စိတ်ဝင်စားစေရမှာပါ ၊ ဒီရွေးကောက် ပွဲဖြစ်သွားရင် ၊ ပြီးသွားရင်ဆိုတဲ့ အခြေအနေတွေကို ပြည်သူတွေ သေချာသိစေပြီး ပျက်အောင်ဖျက်မှ ရမယ်ဆိုတဲ့ စိတ်ဝင်စားမှုကို ဖြစ်စေသင့်ပါတယ် ၊ စစ်အုပ်စု ကြေငြာထားတဲ့ နိုဝင်ဘာ(၇)ရက် မတိုင်မှီမှာ လူထုအုံကြွမှုတွေ ၊ ရရာလက်နက်နဲ့ အခြေအနေပေးသလို ပြန်ခံချတာတွေလုပ်ပြီး စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ပျက်အောင်ကို ဖျက်ကြရအောင်ပါ ။
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်

No comments: