Pages


 

Friday, October 4, 2013

လွှတ်တော် အစိုးရ ဆိုတာရှိသလား?

0 comments
 ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာလွှတ်တော် ဥက္ကဌ ဦးရွှေမန်း နဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်တို့ ဘန်ကောက်မှာတွေ့ဆုံခဲ့ပါတယ်။ ထိုင်းအစိုးရ ဝဘ်ဆိုက်မှာ ဖော်ပြချက် အရ မြန်မာလွှတ်တော်ဥက္ကဌကနေ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်လုပ်ဆောင်ရေး၊ စီမံကိန်းအတွက် လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေ အဆင်ပြေအောင် ဆောင်ရွက်ရေး၊ ရွှေ့ပြောင်း အလုပ်သမား အရေးများကို ဆွေးနွေး ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
-
သာမန်အားဖြင့်တော့ ဒီသတင်းက အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်နေတဲ့ စီးပွားရေးသမားတွေ (ဒါမှမဟုတ်) ရေနက်ဆိပ်ကမ်း တာဝန်ရှိသူတွေ အနေနဲ့ ဆိုရင်တော့ ဒီသတင်းက အထူးအဆန်းဖြစ်နေပါတယ်။ အထူးအဆန်းဆိုတာထက် မဖြစ်သင့်တဲ့ သတင်း တစ်ခုပါ။ ဒီရေနက်ဆိပ်ကမ်း အရှိန်မြှင့်ဖို့တွေ၊ လမ်းကိစ္စ၊ ရေကိစ္စ၊ လျှပ်စစ်ကိစ္စတွေက သူရဦးရွှေမန်းနဲ့ မဆိုင်ဘူးထင်ပါတယ်။ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက တစ်ယောက်ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ ဥပဒေပြုရေး မဏ္ဍိုင်လို့ ဦးရွှေမန်းကိုယ်တိုင် ခဏခဏပြောတာ ကြားဖူးပါတယ်။ ဥပဒေပြုတဲ့လူတစ်ယောက်နဲ့ ဆိပ်ကမ်းစီမံကိန်းတွေက ဘာမှမဆိုင်ပါဘူး။ ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်လုပ်ဆောင်ရေး၊ လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေ အဆင်ပြေအောင် ဆောင်ရွက်ရေးတွေက အစိုးရရဲ့ တာဝန်တွေပါ။ အစိုးရမှာ အဓိက တာဝန်ရှိပါတယ်။ ဒီအလုပ်တွေက လွှတ်တော် (သို့မဟုတ်) ဥပဒေပြုရေး မဏ္ဍိုင်နဲ့ ဘာမှမဆိုင်ပါဘူး။ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေကို ထိုင်းဝန်ကြီးချုပ်နဲ့ သွားဆွေးနွေးတာက လွှတ်တော်အလုပ်မလုပ်ဘဲ အစိုးရရဲ့ အလုပ်တွေကို ဝင်ရောက်စွက်ဖက် သလိုဖြစ်နေပါတယ်။ အခုလို လွှတ်တော်က အစိုးရအလုပ် ဝင်လုပ် တာမျိုးကို ဘယ်နိုင်ငံမှာမှလည်း မတွေ့ဖူးပါဘူး။ ဥပဒေပြုရေး မဏ္ဍိုင်က ကိုယ်နဲ့မဆိုင်ဘဲ အုပ်ချုပ်ရေးမဏ္ဍိုင် ကို ဝင်ရောက်စွက်ဖက်ခြင်းဟာ နိုင်ငံရေးအရ မကောင်းသလို လက်တလော ထိုင်းနိုင်ငံနဲ့ ဖက်စပ်ကုန်သွယ် နေတဲ့ စီးပွားရေးသမားတွေ၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တာဝန်ရှိသူတွေအတွက် အခက်အခဲဖြစ်စေ ပါတယ်။ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်းအတွက် သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ အကြိမ်ကြိမ် တွေ့ဆုံပြီး ဆွေးနွေး အကောင် အထည်ဖော်နေတာ ကမ္ဘာကတောင် သိပါတယ်။ အခု ဦးရွှေမန်းကပါ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ပြီး ဒီကိစ္စဆွေးနွေးနေတော့ ဘယ်သူက အဓိက တာဝန်ယူတာလဲ၊ ဘယ်သူက အစိုးရလဲ၊ မြန်မာနိုင်ငံမှာ အစိုးရ ဘယ်နှစ်ခုရှိတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေကလည်း စီမံကိန်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်းတွေအတွက် အစိုးရနဲ့ ဝန်ကြီးတွေကို ဆက်သွယ်ရမှာလား၊ လွှတ်တော်ဥက္ကဌနဲ့ ကော်မတီဝင်တွေကို ဆက်သွယ်ရမလားဆိုတာကို ဝေခွဲမရဘူးဆိုပြီး ထိုင်း Website တွေထဲမှာ ဖော်ပြနေကြတဲ့အပြင် မြန်မာနိုင်ငံမှာ လွှတ်တော်အစိုးရဆိုတာ ရှိသလား ဆိုတဲ့ မေးခွန်းကိုလည်း အမေးခံနေရကြောင်း သတင်းရရှိပါသည်။

No comments: