Pages


 

Sunday, October 6, 2013

အိုဘားမား (Obama) ရဲ့ Oh ! … Burma

0 comments
 
မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပြန်စတာ မကြာသေးပါဘူး။ သံအမတ်ကြီးအဆင့် ဆက်ဆံရေးကို ၂၀၁၂ ဇူလိုင်လ မှ စတင်ခဲ့ပြီး အစိုးရချင်း ဆက်ဆံမှုများ၊ လွှတ်တော်ချင်း ဆက်ဆံမှုတွေကို ၂၀၁၂ နှစ်ကုန်ပိုင်းလောက်မှ စတင်ခဲ့တာပါ။

၂၀၁၂ ဇန်နဝါရီ ၁၃ ရက်နေ့က နယူးယောက် လွှတ်တော်အမတ် Joseph Crowley၊ ၁၅ ရက်နေ့မှာ အထက်လွှတ်တော်အမတ် Mc Connell၊ ဇန်နဝါရီ ၂၃ မှာ အထက်လွှတ်တော်အမတ် John McCain၊ ဧပြီလမှာ Jin Webb၊ စက်တင်ဘာလမှာ အောက်လွှတ်တော်အမတ်  Mr. Dana Rohrabacher တို့ မြန်မာနိုင်ငံကို ရောက်လာကြပြီး မြန်မာလွှတ်တော် ဥက္ကဌတွေ၊ ကော်မတီ-ကော်မရှင် ဥက္ကဌတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ချို့နဲ့ တွေ့ခဲ့ကြ၊ ကိုယ်စားလှယ်တွေရဲ့ ပြောသမျှကို နားထောင် သွားကြပါတယ်။ အမေရိကန်က မြန်မာ နိုင်ငံကို လွှတ်တော်နဲ့ပတ်သက်ပြီး ပညာပေးဖို့လွှတ်လိုက်တာ မြန်မာနိုင်ငံကပညာတွေ တစ်ပွေ့တစ်ပိုက်ယူပြီး ပြန် သွားကြတဲ့ပုံပါပဲ။

မြန်မာနဲ့ အမေရိကန် သမိုင်းဝင်ဆက်ဆံရေးပြန်စပြီး တစ်နှစ်ကြာချိန်မှာ အမေရိကန်မှာ ဆီးနိတ် အမတ်တွေ ကန့်လန့်တိုက်လို့ အိုးဘားမားအစိုးရရဲ့လုပ်ငန်းအများအပြား ရပ်တန့််လိုက်ရပါတယ်။ မြန်မာလွှတ်တော် အမတ်တွေက ကိုယ်တိုင်ဘာမှမလုပ်နိုင်ပေမယ့် ဦးသိန်းစိန်အစိုးရ လုပ်သမျှကို ကန့်လန့်တိုက်တဲ့ အကျင့်တွေက အမေရိကန် ဆီနိတ်တာတွေကို ကူးသွားတာဖြစ်ပုံရပါတယ်။
မြန်မာလွှတ်တော်အမတ်တွေက ဘာတွေပြောမလဲဆိုတာကတော့ ရှည်ရှည်ဝေးဝေး တွေးစရာမလိုပါဘူး။ ထုံးစံအတိုင်း မဏ္ဍိုင်ကြီးသုံးရပ် က အပြန်အလှန် ထိန်းကျောင်းရမယ်.. ဘာ.. ညာ.. ပေါ့။ မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန် ထိန်းကျောင်းရမယ် ဆိုပြီး အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်နှစ်ခုကို ဥပဒေပြုရေးမဏ္ဍိုင်ကပဲ ထိန်းကျောင်းဖို့လုပ်နေတာ တွေ့နေရတုန်းပါ။ လွှတ်တော်က တစ်ခြားမဏ္ဍိုင်နှစ်ခုကို ဆရာဝင်လုပ်ချင်၊ ကန့်လန့်တိုက်ချင်နေပေမယ့်  ၎င်းကိုယ်တိုင် ကတော့ ဘယ်သူမှ ထိန်းကျောင်းတာမခံချင်ပြန်ဘူး။ လွှတ်တော်ကို ဝေဖန်တဲ့လူကို စုံစမ်းရေးကော်မရှင် ဖွဲ့ပါသေးတယ်။ အမေရိကန် ဆီနိတ်တာတွေလည်း မြန်မာလွှတ်တော် အမတ်တွေရဲ့ အာဘော်တွေမိကုန်ပြီး မြန်မာနိုင်ငံက ပြန်သွား ပြီးနောက်ပိုင်း အိုဘားမားအစိုးရကို ကန့်လန့်တိုက်လာကြပါပြီထင်ပါတယ်။

အခုဆို အစစအရာရာ ထိပ်တန်းပြေးနေတဲ့ အမေရိကန်မှာ လွှတ်တော်အမတ်တွေကြောင့် အစိုးရ နဲ့ ဝန်ထမ်းတွေ သာမက ဆေးရုံက ရောဂါသည်တွေပါ အကြပ်ရိုက်ကုန်ကြပါပြီ။ အိုဘားမားအစိုးရရဲ့ ကျန်းမာရေးစောင့်လျှောက်မှု အစီအစဉ်တစ်ခုကို အမေရိကန် ဆီးနိတ်က ပြတ်ပြတ် သားသား ကန့်ကွက်လိုက်တဲ့ အတွက် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ ဘရူနိုင်း ကိုသွားမယ့် အိုဘားမားရဲ့ အာရှ ခရီးစဉ်တစ်ခုလုံးလည်း ဖျက်သိမ်းလိုက်ရပါပြီ။ အဲဒီရလဒ်ကတော့ အာရှ-ပစိဖိတ်ကုန်သွယ်မှူ နောက်ဆုံးသဘောတူညီချက်ကြီး အပေါ် အိုဘားမားဆုံးဖြတ်မှူ ပျက်ကွက်သွားပါပြီ။ အစိုးရဝန်ထမ်း(၈) သိန်းလောက်လည်း အလုပ်ပြုတ်ရတော့မှာပါ။ လေဘာပါတီရုပ်တု၊ ဂရင်းကင်ညွန့် နဲ့ စမစ်ဆိုနီယမ်ပြတိုက် အပါအ၀င် အမျိုးသားပန်းခြံများနဲ့ ပြတိုက်အများအပြား ပိတ်သိမ်းရပါပြီ။ ကင်ဆာရောဂါအတွက် ကျန်းမာရေး သုတေသနလုပ်ငန်းတွေလည်း ရပ်နားရမှာဖြစ်ပြီး ဆေးရုံတွေရဲ့ ဘက်ဂျက်တွေ လျှော့ချခံရတဲ့အပြင် ကင်ဆာရောဂါ သည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လျှော့ချရပါပြီ။ ဒါဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဆိုးဆိုးရွားရွား ဖြစ်ပွားမှုပါ။ အခုလို အားလုံး ကမောက် ကမ ဖြစ်ကုန်ရတာ အမေရိကန် ဆီနိတ်တာတွေရဲ့ အစိုးရကို ကန့်လန့်တိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။  မြန်မာလွှတ်တော် အမတ်တွေ ပြောတဲ့အတိုင်း ပြောရရင်တော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကြောင့်ပါ။

မြန်မာနိုင်ငံမှာ ပြည်သူ့ ကိုယ်စားလှယ်တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတာလည်း မနည်းတော့ပါဘူး။ လျှပ်စစ်မီးမရလို့ အစိုးရကို ပြဿနာရှာသလို ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အားထုတ်ရင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုပြီး ကန့်လန့်တိုက်ပြန်ပါတယ်။ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်တယ်ဆိုပြီး အစိုးရကို ပြဿနာရှာ သလို စက်မှုဇုန်တွေ လုပ်တော့လည်း ပိုက်ဆံကုန်တဲ့ စီမံကိန်းတွေ ရပ်သင့်တယ်ဆိုပြီး ကန့်လန့်တိုက်ပြန်ပါတယ်။ အဲလို တော်တဲ့ မြန်မာလွှတ်တော်အမတ်တွေပါ။ အခုတော့ အမေရိကန် ဆီနိတ်တာတွေလည်း မြန်မာလွှတ်တော်အမတ်တွေကို အတုခိုးပြီး အစိုးရစီမံကိန်းကို ကန့်လန့်တိုက်ပြီထင်ပါရဲ့။

အခုဆို အမေရိကန်ရဲ့ ငွေကြေးအခက်အခဲ ဂရက်ကြောင့် အာရှဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဖွံ့ဖြိုးမှုခန့်မှန်းချက်ကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က ၆.၆% ကနေ ၆ % အထိ လျှော့ချလိုက်ရပါပြီ။ ရွှေဈေးတွေလည်း မတည် မငြိမ်ဖြစ်နေပါတယ်။ ဒါက လက်ငင်းအကျိုးသက်ရောက်မှုပါ။ ဒါ့အပြင် အမေရိကန်ဒေါ်လာဟာ တစ်ကမ္ဘာလုံးသုံးနေတဲ့ ငွေကြေးဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံတချို့ကို အနည်းနှင့်အများ သက်ရောက်မှုရှိလာမှာပါ။ မြန်မာလွှတ်တော်အမတ် တွေ ဦးသိန်းစိန်အစိုးရကို ကန့်လန့်တိုက်တာက မြန်မာပြည်သူတွေ ဒုက္ခရောက်ပေမဲ့ မြန်မာလွှတ်တော်အမတ်တွေ ကို အမေရိကန်ဆီနိတ်တာတွေ အတုယူပြီး အိုဘားမားအစိုးရကို ကန့်လန့်တိုက်တာက တစ်ကမ္ဘာလုံး လူသန်းပေါင်း ၆၀၀၀ ကျော်အတွက် ရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။

ဒီပုံစံအတိုင်းသာ ရက်သတ္တပါတ်လောက် နောက်ထပ်ဆက် ဖြစ်နေမယ်ဆိုရင် ကမ္ဘာ့ငွေကြေး ပျက်ကပ်တောင် ဖြစ်လာနိုင်မလား ဆိုပြီး ပညာရှင်တွေက စိတ်ပူနေကြပါတယ်။ လူတော်တော်များများကလည်း အမေရိကန်ဒေါ်လာတွေကို သူတို့ပါးစပ်တွေမှာ တိတ်တွေနဲ့ကပ်ပြီး ဆန္ဒပြနေကြ ပါတယ်။ မြန်မာနိုင်ငံနဲ့ ပြန်ဆက်ဆံလာပြီးမှ လွှတ်တော်ကြောင့် ဒုက္ခရောက်ရပါပြီ။ မြန်မာနိုင်ငံလွှတ်တော်ထဲက အမတ်တွေလုပ်သလို အမေရိကန်လွှတ်တော် လိုက်လုပ်လိုက်တာ အမေရိကန်ပြည်သူတွေသာမက တစ်ကမ္ဘာလုံး ဒုက္ခရောက် သွားတာပါပဲ။ နှစ်ပေါင်း ၂၀၀ ကျော် ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီး မြန်မာလွှတ်တော်အမတ်တွေနဲ့ ပေါင်းမိကာမှ ငါးပါးကို မှောက်တော့တာပါ။

 မြန်မာနိုင်ငံမှာလည်း လွှတ်တော်ပေါ်လာပြီးကတည်းက အစိုးရရဲ့ စီမံကိန်းတွေကို ပြန်ဆန်းစစ်ဖို့၊ ဥပဒေ တွေပြင်ဆင်ဖို့ဆိုပြီး လွှတ်တော်အမတ်တွေသာမက လွှတ်တော်ဥက္ကဌတွေကပါ အမြဲပြောနေခဲ့တာပါ။ အစိုးရကို အမျိုးမျိုး တိုက်ခိုက်နေတဲ့ မြန်မာလွှတ်တော်အမတ်တွေက ၎င်းတို့ လွှတ်တော်အမတ်အချင်းချင်းကျတော့လည်း မတည့်ပြန်ပါဘူး။ အခုတော့ မြန်မာလွှတ်တော်အမတ်တွေက အမေရိကန်ဆီနိတ်တာတွေဆီ ကူးကုန်ပါပြီ။ အိုဘားမားအစိုးရရဲ့ ဥပဒေကို အတိုက်အခံ ရီပါဘလစ်ကန် အောက်လွှတ်တော်အမတ်တွေသာမက အိုဘားမားရဲ့ ဒီမိုကရက်တစ်အမတ်တွေကပါ ကန့်ကွက်ခဲ့ကြတာပါ။ တစ်ချိန်က ဆီးနိတ်နှစ်ခုလုံးသာမက အမေရိကန်ပြည်သူ တစ်ရပ်လုံးကထောက်ခံလို့ ၂ ကြိမ်ဆက်တိုက် သမ္မတအရွေးခံခဲ့ရတဲ့သမ္မတအိုဘားမားဟာ အမေရိကန် ဆီနိတ်တာ တွေက မြန်မာလွှတ်တော်အမတ်တွေဆီက အစိုးရကိုကန့်လန့်တိုက်တဲ့ပညာတွေယူခဲ့လို့ ဒုက္ခရောက်ရပါပြီ။ ဒါကြောင့် အခုလောက်ဆိုရင် အိုဘားမား တစ်ယောက် မြန်မာလွှတ်တော်က မြန်မာအစိုးရကို ဒုက္ခပေးရုံသာမက အမေရိကန်သမ္မတကိုပါ ဒုက္ခပေးနေပြီ ဆိုတဲ့အတွေးနဲ့ Oh ! …. Burma … ဆိုပြီး သက်ပြင်းအကြိမ်ကြိမ် ချနေ လောက်ပါပြီ။

No comments: