Pages


 

Monday, November 4, 2013

ဤသို့ယူဆပါက သတိထားဘို့ ပြောလိုပါသည်

0 comments
 ငယ်စဉ်က နိုင်ငံကျော်ဟာသပညာရှင် အသံတုဝိဇ္ဇာ ကြယ်တစ်လုံး၏ သီချင်းတစ်ပုဒ်ထဲမှ စကားပြော စာသားတစ်ခုကို အမှတ်ရမိသည်။ "အချစ်ရယ်၊ မင်းနဲ့ကိုယ်နဲ့ ချစ်ခဲ့တဲ့ အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပါဘူး၊ ကက်ဆက်ထဲမှာပဲ ပြောလိုက်ပါမယ်" ဟူ၏။ ဘယ်သူ့ကိုမှ မပြောဘဲ တစ်နိုင်ငံလုံးသိအောင် ပြောလိုက်ခြင်းပင်၊ အခုလဲ အဲဒီလိုပဲလားမသိ။

 လွန်ခဲ့သော ၂ ပတ်ခန့်က ထွက်ရှိလာသော သတင်းစာ၊ ဂျာနယ်များနှင့် Facebook စာမျက်နှာများ၌ ပလူပျံအောင်ပြောဆို၊ ဝေဖန်၊ ရေးသားနေသော အချက် ၂ ချက်ကို သတိထားမိသည်။ ထိုအချက် ၂ ချက်စလုံး၏ အရင်းအမြစ်ကတော့ တစ်ခုထဲပင်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြန်လည်အရွေး မခံတော့ဟူ၍ပြောသည့်အကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောခဲ့သည်ဆိုသော အကြောင်းအရာများပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်           ၂ ဦး ပြောကြားခဲ့ကြောင်း ပြန်လည်ဖောက်သည်ချ ရှင်းလင်းတင်ပြပေးသူကတော့ အများသိကြသည့်အတိုင်း  ပြည်တော်ချစ် မင်းသားကြီးပင်။ နှစ်ကိုယ်ချင်းပြောစကားများကို မည်သူနှင့်မျှ သီးခြားမပြောဘဲ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးသိအောင် မီဒီယာများမှတစ်ဆင့် ပြောကြားလိုက်ခြင်းဟု ထင်မြင်မိသည်။ ဦးသိန်းစိန် ရွေးကောက်ပွဲ မ၀င်တော့ဟု ပြောဆိုခြင်းကို ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးထားသော ဦးရဲထွဋ်ပင် မသိဟုဆိုသည်။ ဒါဆို ဦးသိန်းစိန်က မင်းသားကြီးကို နှစ်ယောက်ချင်းတွေ့ချိန်မှာ ပြောခဲ့လေသလား စဉ်းစားစရာ။ သမ္မတကြီးက တိုင်းသူ ပြည်သားများကို လစဉ်မိန့်ခွန်းပြောနေကြ၊ သူသာတကယ်ပြောချင်ရင် တစ်နိုင်ငံလုံးကို အသိပေးချင်ရင် မိန့်ခွန်း ပြောတဲ့အချိန်မှာ ထည့်ပြောမှာပေါ့။ ဘာဖြစ်လို့ မင်းသားကြီးကို နှစ်ယောက်ချင်းပြောမှာလဲ။ တကယ်လို့ပြောခဲ့ ရင်ကော မင်းသားကြီးက ဒီလိုဖောက်သည်ချသင့်သလား၊ သမ္မတကြီးကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ကြိုပြီး          ကာထားတာလား၊ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောလိုက်တာလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်မပါဘဲ အမှတ်တမဲ့ ပြောမိ တာလား နှစ်မျိုးစလုံးကတော့ မကောင်းပါ။ ပြဿနာ သက်သက်ရှာရန် အစိုးရကို ယိမ်းယိုင်သွားစေလိုသည့်ဆန္ဒ အနည်းနှင့်အများ ပါရှိနိုင်သည်ဟု သုံးသပ်ရသည်။
 
 အလားတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)က နိုင်ငံအတွက် စိုးရိမ်သည်ဟုပြောသော စကားကိုလည်း တာဝန်ကျေစွာဖွင့်ဟပြောဆိုခဲ့ပြန်သည်။ သီတင်းကျွတ်တွင် သွားရောက်ကန်တော့စဉ် ပြောခဲ့သည်ဟု ဆိုပြန်သည်။ သူကိုယ်တိုင်ကြည်ညိုလေးစား၍ အိမ်တိုင်ရာရောက် သွားရောက်ဂါရ၀ပြု ရို သေစွာကန်တော့ခဲ့ရသူ တစ်ဦး၏ စကားကို ဘာဖြစ်လို့ အလွယ်တကူထုတ်ပြောခဲ့တာလဲ၊ တိုင်းသူပြည်သားတွေအမြင် မကြည်လင်သည့် ပုဂ္ဂိုလ် တစ်ဦးရဲ့ပြောစကားကို အမှတ်တမဲ့လိုလိုနှင့်ထုတ်ပြောပြီး ပွဲဆူအောင်လုပ်ချင်တာလား၊ ဒီကိစ္စမှာရော ရည်ရွယ်ချက် ပါသလား၊ ရည်ရွယ်ချက်မပါဘူးလား၊ ရည်ရွယ်ချက်ပါတယ်ဆိုရင်တော့ အဲဒီရည်ရွယ်ချက်ကို သိချင်မိသည်။ ကြိုတင်မှန်းဆကြည့်ဘို့ကတော့ သိပ်မလွယ်၊ သူ့ရင်ထဲမှာပဲ ရှိမည်ထင်သည်။ အမှတ်တမဲ့ လွှတ်ကနဲ ထွက်သွား သည်ဆိုရင်တော့ မင်းသားကြီးဟာ စကားကိုအလွယ်တကူ ပြောတတ်သူလား၊ ပြောသင့်မပြောသင့် မစဉ်းစားတတ် သူလား၊ နှုတ်မစောင့်စည်းသူလား၊ နှုတ်မလုံသူလား၊ တစ်ခုခုတော့ တစ်ခုခုပင် ဖြစ်မည်။

 ဘယ်လိုပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ သူနဲ့ပတ်သက်နေသူ၊ ထိတွေ့ဆက်ဆံ နေသူများကတော့ သတိထားသင့်သည်ဟု ထင်သည်။ မိမိက ယုံကြည်၍ဖြစ်စေ၊ အမှတ်မထင်ဖြစ်စေ ပြောမိသော စကားတစ်ခွန်းသည် မင်းသားကြီးအတွက် ကုန်ကြမ်းဖြစ်သွားနိုင်သည်။ မိမိပြောလိုက်မိသောစကားကို သူ့အတွက် အသုံးချသွားနိုင်သလို၊ သူရဲ့အမှတ်မထင်လွှတ်ကနဲ ပြောဆိုမှုကြောင့် လူတကာတံတွေးခွက်မှာ ပက်လက်မျောသွား နိုင်သည်ကို သတိထားရတော့မည်။

 လျှို့ဝှက်အပ်စွာ၊ အရာရာကို၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖသား၊ မယားသော်မျှ မပြောရဟု ဆိုရိုးစကားရှိသည်။ ဒီလို မဆင်မခြင်ပြောဆိုတတ်သူတစ်ဦးကို နိုင်ငံ၏အရေးပါသောနေရာတွင် တာဝန်ပေးသင့်သလား၊ ရွေးချယ်သင့်သလား တွေးစရာပင်၊ တိုင်းပြည်၏အရေးပါသောကိစ္စရပ်များကို မိမိကိုယ်ကျိုး၊ မိမိနေရာရလိုမှုအတွက် ထုတ်ဖော်ပြော လိုက်ရင် တိုင်းပြည်မှာ နစ်နာစရာတွေဖြစ်လာနိုင်သည်။ ကိုယ်ကျိုးနည်းသွားနိုင်သည်။ သူနှင့် ပတ်သက်ထိတွေ့ ဆက်ဆံနေသောသူများ ပြောဆိုသည့်စကားကို ပြန်လည်ဖောက်သည်ချခြင်းဖြင့် တစ်ဖက်သူကို ထိခိုက်နစ်နာ သွားစေနိုင်သည်။ ထို့ကြောင့် နိုင်ငံတော်တွင် အရေးပါသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အနေဖြင့် သူနှင့်ထိတွေ့ ဆက်ဆံရာတွင် သတိတရားနှင့် စဉ်းစားဆင်ခြင်စေလိုပါသည်။ သူနှင့်တွေ့ရင်တော့ ပြောမည့်စကား မပြောမီ စဉ်းစားပါ၊ပြောဘို့ပါ စဉ်းစားပါ၊ ဖြစ်နိုင်ရင် ဘာမှမပြောပါနှင့်လို့ သတိပေးလိုက်ချင်ပါသည်။
 
  ဒီနေရာမှာ သတိပြုမိတာတစ်ခုရှိသည်။ မင်းသားကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်အတွင်း မှာကော လွှတ်တော်ပြင်ပမှာပါ ရင်းနှီးစွာဆက်ဆံနေတာရှိသည်။ အကြိမ်(၂၀)ခန့် ထမင်းလက်ဆုံစား၊ ကိတ်မုန့် အတူလှီး၊ တွေ့ဆုံထိတွေ့စကားပြောဆိုနေတာတွေ တွေ့ရပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD ပါတီနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှု မတွေ့ရသေး။ ပြောစရာမရှိတာလား၊ မပြောချင်တာလား၊ မပြော သေးတာလား၊ ဒါကိုတော့ ကာယကံရှင်သာ သိနိုင်လိမ့်မည်။ အချိန်ကောင်းကျမှ ထုတ်ဖော်ပြောဆို လိုက်လျှင်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ငါးပါးတင်မက သံဃာစင်ပါမှောက်ပြီး မြောင်းထဲရောက်သွားနိုင်သည်ကို အထူးသတိထားရန် လိုအပ်မည်ဟု သတိပေးလိုက်ချင်ပါသည်။
 

No comments: