Pages


 

Tuesday, November 5, 2013

ငြိမ်းချမ်းရေးအတွက် အိမ်နဲ့ကားရောင်းပြီး အိတ်စိုက်လုပ်နေရတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကြီး

0 comments
 
မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံးစကားကတော့ “ ငြိမ်းချမ်းရေး ” ဆိုတဲ့ စကားလုံးပါပဲ။ သက်တော်ရှည်စကားရပ်    လို့တောင် ပြောချင်ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါးသုံးနှုန်းလာခဲ့တဲ့ လူတိုင်းကြိုက်စကားလုံးပါ။ ရည်ရွှယ်ချက်တွေ၊ ခံယူချက်   တွေများပြားတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ နိုင်ငံအတွက် ငြိမ်းချမ်းရေးဆိုတဲ့စကားကို လူတိုင်းကြိုက်တာ မဆန်းပါဘူး။      နှစ်ပေါင်းများစွာ သန္ဓေတည်လာတဲ့လက်နက်ကိုင်တွေနဲ့ အခုတော့ ငြိမ်းချမ်းရေးတကယ်ရတော့မလား။ ကချင်ပြည်နယ်မှာ    တော့ ဆွေးနွေးပွဲကြီးစတင်နေပါပြီ ။

 ဒီလို အခြေအနေမျိုးရောက်လာအောင် ကြိုးပမ်းခဲ့သူတွေအထဲမှာတော့ ဦးအောင်မင်းဆိုတဲ့ နာမည်ကတော့ ညှိနှိုင်းရေးမှူးကြီးတစ်ယောက်အနေနဲ့ ကျော်ကြားလှပါတယ်။ ယခင်တုန်းက ဦးခင်ညွှန့်နဲ့ “၀”တပ်ဖွဲ့တွေနဲ့ ပလဲနံသင့်ပြီး ငြိမ်းချမ်းရေးယူနိုင်ခဲ့တာတွေကိုတော့ မှတ်မိကြပါလိမ့်ဦးမယ်။ အခုလည်း အဲဒီလိုမျိုး ဦးအောင်မင်းတစ်ယောက် လျှောက် လှမ်းနေပြီလားဆိုတာ စဉ်းစားစရာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဦးအောင်မင်းနဲ့တွေ့ဆုံညှိနှိုင်းမှုရရှိခဲ့ပြီး အပစ်အခတ် ရပ်စဲရေးရယူနိုင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မြေပေါ်ရောက်လာတဲ့အခါမှာ ဘယ်လိုနေထိုင်နေပါသလဲ ဆိုတာကို တွေ့မြင်ကြည့်လျှင် ရိပ်မိနိုင်ပါတယ်။ လွန်ခဲ့သော ၁၅ နှစ်ကျော်က ရန်ကုန်မြို့ တွင် စတေကာမှန်အနက်တပ် ကားကြီးတွေစီးပြီး သောင်းကျန်တတ်တဲ့၊ တပ်ဖွဲ့အလံတပ်ပြီး အစစ်ဆေးမရှိမောင်းနှင်နေတဲ့ ၁၀ ဘီး ၊၁၂ ဘီးကားကြီးများ ခေတ်ထခဲ့တဲ့ “၀” ငြိမ်းချမ်းရေးတပ်ဖွဲ့များလို အခုလည်း ငြိမ်းချမ်းရေးလို့တစ်မျိုး၊ အပစ်အခတ်ရပ်စဲရေးဆိုလို့ တစ်နည်းနဲ့ ခေတ်တစ်ခေတ် ပြန်ထလာပြန်ပါပြီ။ တန်ဖိုးကြီးကားများကို အခွန်လွတ်သွင်းနိုင်ခဲ့ပြီး “ငြိမ်းချမ်းရေး” ဆိုတဲ့ နံပါတ်ပြားလေး တပ်ရုံနဲ့ တကယ်ပဲ ‘ ငြိမ်း ’ ခဲ့ပါတယ်။

ဆိုခဲ့သလို ငြိမ်းချမ်းရေး(သို့)အပစ်အခတ်ရပ်စဲရေး အဖွဲ့များအတွက် အခွင့်ထူးခံအခွင့်အရေးများ ရရှိအောင် ဖန်တီးနေသူတွေဟာ ဦးအောင်မင်းတို့ မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)ရဲ့  နည်းလမ်းမမှန်တဲ့ စည်းရုံးမြှောက်ပင့်ပေးမှုများကြောင့်ဖြစ်တယ်။ နယ်စပ်ဒေသတွေမှာ စည်းစိမ်ယစ်ပြီး လက်နက်ကိုင်ထားရတဲ့ အရသာကို သာယာနေတဲ့ ဒီအဖွဲ့တွေကို ကားပါမစ်တွေ၊ သစ်ပါမစ်တွေနဲ့ အပစ်ရပ်ခိုင်း၊ လက်နက်စွန့်ခိုင်း လုပ်နေလို့ဖြစ်တယ်။ ဦးအောင်မင်းတို့ဟာ ဒီအတွက် ငွေနဲ့စည်းစိမ်နဲ့ မျှားပြီး ငြိမ်းချမ်းရေးရအောင် လုပ်နေတယ်ဆိုပေမယ့် ပြည်သူတွေအတွက် ဘာအကျိုးထူးခဲ့လို့လဲ။ နောက်ပြီး ဦးအောင်မင်းကိုယ်တိုင်လည်း ပြောခဲ့ပါသေးတယ်။ “အောင်မင်းကို ကြိုက်တဲ့အချိန် ပိုက်ဆံစစ်လို့ရတယ်။ အခုပိုက်ဆံစိုက်ပြီး လုပ်နေတာ။ ဒါတွေက ငြိမ်းချမ်းရေးကိုလိုချင် လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးလုပ်နေတာ။ ဘယ်အိမ်တွေ ရောင်းထားလဲဆိုတာ သိချင်သေးတယ်ဆိုရင် ကျွန်တော် လိပ်စာပေးလိုက် ဦးမယ်။ သွားကြည့်လိုက်ဦး” ဆိုတဲ့စကားကတော့ ဟာသပါပဲ ။

မီးရထားဝန်ကြီးဘ၀က ဦးအောင်မင်းရဲ့ ၁၀ ရာခိုင်နှုန်းကိစ္စတွေဟာ ခုထိသတင်းမွှေးနေတုန်း ရှိပါသေးတယ်။ မီးရထား၊ လမ်းတံတား၊ ပြည်တွင်းရေကြောင်းက စီမံကိန်းတွေတိုင်းမှာ ၀န်ကြီးဆီ ၁၀ ရာခိုင်နှုန်းပေးမှ ခွင့်ပြုတယ်  ဆိုတာက အခုချိန်မှာ ၀န်ထမ်းဟောင်းတွေက အသိဆုံးဖြစ်ပါလိမ့်မယ်။ မီးရထားဝန်ကြီးဌာနပိုင်မြေ၊ အဆောက်အဦတွေ ဟာလည်း မိသားစုပိုင်ဖြစ်သွားခဲ့တာတွေ၊ မြောက်ဥက္ကလာခုံးကျော်တံတားအတွက် ၀န်ကြီးဟာ သိန်းတစ်သောင်းနီးပါး ရခဲ့တာတွေကတော့ စီမံကိန်းအင်ဂျင်နီယာတွေဆီကနေ သတင်းတွေထွက်လာသေးတယ်နော်။ နောက်ပြီး ၀န်ကြီးရဲ့ မိသားစုဟာ ဘာလို့များ ဦးအောင်မင်း မီးရထားဝန်ကြီးနောက်ပိုင်းမှ ကုမ္ပဏီတွေအများကြီး ပိုင်သွားရတာလည်းဆိုတာ ကတော့ တော်တော်စဉ်းစားရခက်တယ်။ အဲဒီလိုမြောက်များစွာပိုင်ဆိုင်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ အိတ်စိုက်လုပ်နေ ရတယ်ဆိုတာကတော့ဗျာ။ အဲဒီတုန်းက ပိုင်ဆိုင်ခဲ့တဲ့ အိမ်/ခြံတွေ၊ ကားတွေကိုပြန်ရောင်းလိုက်တာလားလို့ မေးချင်ပါ သေးတယ်။ မြန်မာ့ငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)နဲ့ ဦးအောင်မင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆိုပြီး ဘတ်ဂျတ်တွေတင်တောင်းထားတာလည်း သိန်းကိုသန်းနဲ့ချီပြီး ရှိသေးတယ်မလား။ အစိုးရကတောင် သိန်းသန်း ပေါင်းအထိ သုံးစွဲနေရတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ဦးအောင်မင်းက အိမ်ရောင်း၊ ကားရောင်းလုပ်နေတယ်ဆိုတော့ အိမ်ဘယ်လောက်များများနဲ့ ခြံဘယ်နှစ်ကွက်တောင်ရှိသလဲဆိုတာတော့ စဉ်းစားလေခေါင်းစားလေပါပဲဗျနော်။ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကျလာတဲ့ ဘတ်ဂျတ်တွေကိုရော မှန်မှန်ကန်ကန်သုံးခဲ့ပါတယ်၊ ချပြမယ်လို့တော့ ဦးအောင်မင်း မပြောပါလား။

သန်းနဲ့ချီတန်တဲ့ ကားပါမစ်တွေနဲ့တစ်ဖက် အဖွဲ့အစည်းတွေကို ပေးရပါတယ်ဆိုပြီး ဖြတ်စား ရိုက်စားများ လုပ်နေရော့   သလား။ ဟိုဘက်က အဖွဲ့တွေကလည်း ဒီလိုလေးတွေရတော့ ငြိမ်းချမ်းရေး ယူမယ့်ဟန်လေးပြလိုက်၊ နောက်မှအကြောင်း တစ်ခုထပ်ရှာပြီး အင်တင်တင်လုပ်လိုက်နဲ့ ကြိုးရှည်ရှည် လှန်ကစားပြီး ပါမစ်ဈေးကွက်၊ သစ်ကွက်လုပ်ခွင့်တွေနဲ့ အိမ်ခြံ တွေများ တဖြည်းဖြည်းသဲ့ယူသလိုမျိုး ညာယူနေသလားဗျာ။ ဟိုဘက် အဖွဲ့တွေကလည်းတစ်ချို့ပါမစ်တွေကို တရားဝင် လုပ်ကိုင်ခွင့်မရတော့ လူစားထိုးတွေနဲ့ လုပ်ကိုင်လာနေတော့တယ်။
 
ငြိမ်းချမ်းရေးသဘောတူထားသည့် အဖွဲ့အစည်းတစ်ခုအတွက် ကားပါမစ်တစ်ခုရရှိထားပြီး တရားဝင်ဆောင်ရွက်ရန် ခက်ခဲသည့်အတွက် လူစားထိုးဆောင်ရွက်နေပုံ

အခုကား လောက မှာကြားရတာတော့ (MPC)ကလက်နက်ကိုင်တွေကိုချပေးတဲ့ ကားပါမစ်တွေပြန်ဝယ်ပြီး ဇိမ်ခံ ကားတွေတင်သွင်းရောင်းချနေတယ်ပါပဲ ကြားခံဝယ်ပေးနေသလို တစ်ချို့လုပ်ငန်းတွေကိုလည်း အမည်ပေါက်ပိုင်ရှင်တွေ ပြောင်းလဲပေးနေသေးတယ်။ ကားတင်သွင်းခွင့်အတွက် အခွန်ကင်းလွတ်ခွင့်(၃)နှစ်တိတိ ရထားတဲ့အတွက် လက်ညိုး ညွှန်ရာရေဖြစ်နေတယ် လို့သိရပါသေးတယ်။ တွေးမိတာကတော့ ဟန်ဆောင်ကောင်းတဲ့ ဦးအောင်မင်းလို အပြောကောင်း သူကြီးနဲ့ တစ်ဖက်ကလည်းလူလည် လက်နက်ကိုင်တွေရဲ့ကြားက လက်ဝါးချင်းရိုက်၊ စားပွဲအောက်က သဘောတူမှု တွေကြားမှာ နိုင်ငံတော်ဘဏ္ဍာတွေ ဘယ်လောက်များများ သူတို့အိတ်ထဲရောက်သွားပြီလဲ ဆိုတာပါပဲ။ ငြိမ်းချမ်းရေး အတွက်ဆိုတဲ့ စကားကလည်း သူတို့ရဲ့ သပိတ်ဝင်၊ အိတ်ဝင် စီးပွါးရေးလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဒီငြိမ်းချမ်းရေးဖော်ဆောင်နေမှုတွေကြားမှာ ဘယ်သူတွေ အကျိုးရှိတယ်တော့မသိပါဘူး။ သေသေချာချာသိတာတစ်ခု ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ပြည်တွင်းကို တန်ဖိုးမြင့်ကားတွေ ကြိုက်သလို တင်သွင်း၊ စီးနင်း၊ ရောင်းဝယ် ဖောက်ကားခွင့်၊ သစ်ကွက်တွေ တရားဝင်ခုတ်လှဲရောင်းချခွင့်နဲ့ အဲဒီလိုရရှိအောင်ဖန်တီးပေးတဲ့ ညှိနှိုင်းရေးမှူးကြီးတွေ ကလည်း ကျေးဇူးတုန့်ပြန်မှုကနေရရှိလာတဲ့ တစ်ခြားအခွင့်အရေးတွေရသွားတယ်ဆိုတာပါပဲ။ အရိုးရှင်းဆုံးပြောရရင်တော့  ဦးအောင်မင်းတို့ လုပ်ပေးခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတာကတော့ ငွေကိုရေလိုသုံးနေပေမဲ့လဲ ယခုအချိန်ထိ ဘာမှ မထူးခြားသေး တာကတော့ အားလုံးအသိပဲလို့ ပြောချင်ပါတယ်။

အဏ္ဏ၀ါဖိုးမောင်

No comments: