Pages


 

Friday, November 8, 2013

ဓာတ်ပုံများကပြောသော အမှန်တရားများ

0 comments
ဦးအောင်သက်မန်းမှ ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်ထားသည့် AGD ဘဏ်(ကမာရွတ်ဘဏ်ခွဲ)

အောက်တိုဘာ ၂၄ ရက်နေ့ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက  Trade Time ဂျာနယ်ရဲ့ မေးမြန်းမှုနဲ့ပတ်သက်ပြီး မိသားစုစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သြဇာအရှိန်အဝါ မသုံးခဲ့ကြောင်း၊ အချိန်မရွေးအစစ်ခံနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဦးရွှေမန်းရဲ့ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး မီဒီယာများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြသလို ပြန်လည် ထောက်ပြဝေဖန်သူတွေလည်း အများအပြား တွေ့ရပါတယ်။

ဦးရွှေမန်းက ပြတ်ပြတ်သားသား ငြင်းဆိုနေပေမယ့် ဦးရွှေမန်းသားတွေရဲ့ စီးပွားရေးလုပ်ငန်းများမှာ ဦးရွှေမန်း ဆိုတဲ့ အရှိန်သြဇာကြောင့် လုပ်ကွက်အခွင့်အလမ်းတွေ ရခဲ့ကြတဲ့အကြောင်း အထောက်အထား အချက်အလက်များနဲ့ ဓာတ်ပုံများက သက်သေပြနေပါတယ်။ ဦးအောင်သက်မန်း ဆောက်လုပ်ခွင့်ရရှိခဲ့တဲ့ လမ်းတွေ၊ အစိုးရ အဆောက်အအုံတွေက ဦးရွှေမန်း အရှိန်အဝါနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ နေပြည်တော် ဥပ္ပါတသန္တိစေတီ ကုန်းတော်ဖော်ထုတ်ရေးလုပ်ငန်း အပါအဝင် နေပြည်တော်ရှိ အခြားအစိုးရပိုင် ဆောက်လုပ်ရေး လုပ်ငန်းကြီးများစွာကို ဦးအောင်သက်မန်းပိုင် ဧရာရွှေဝါ ကုမ္ပဏီက ကန်ထရိုက် ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက မီးလောင်ပျက်ဆီးသွားတဲ့ မော်လမြိုင်ဈေးကြီး နေရာတွင် ဆိုင်ခန်းပေါင်း ၁၁၂၄ ခန်းပါဝင်သည့် ဈေးသစ်ကြီးတစ်ခုကို ထိုစဉ်က ဦးရွှေမန်း၏သား ဦးအောင်သက်မန်း ရှယ်ယာများစွာပါသော ဧရာဟင်္သာ ကုမ္ပဏီမှ ပြန်လည်ဆောက်လုပ်ခွင့် ရခဲ့ပါတယ်။

၂၀၁၀ သြဂုတ်လက နေပြည်တော်မှာ စပြီးဖွင့်ခဲ့တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်  - Asia Green Development Bank (AGD) မှာ အများအမြင်တွင် ဦးတေဇပိုင်လို့ ထင်ထားရပေမယ့် ဦးတေဇက နာမည်ခံရုံသာဖြစ်ပြီး ဦးအောင်သက်မန်းမှ ၈၀ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ပါတယ်။ နေပြည်တော်၊ မန္တလေး၊ လမ်းမတော်၊ မြောင်းမြ၊ ဖြူး၊ မူဆယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မြင်းခြံ၊ မုံရွာ၊ ဘုရင့်နောင်၊ ညောင်လေးပင်၊ အောင်လံ၊ ကျောက်ပန်းတောင်း၊ မော်လမြိုင်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ တောင်ငူ၊ ပြည်၊ ညောင်ရွှေ၊ လားရှိုး၊ မကွေး၊ ပုသိမ်၊ မိတ္ထီလာ၊ အောင်ပန်း၊ ဆူးလေ၊ မြိတ်၊ ကမာရွတ် နဲ့ တာမွေ တို့တွင်   ဘဏ်ခွဲပေါင်း ၂၉ ဘဏ် ဖွင့်ထားပြီး ယခုနှစ်အတွင်းမှာ ဘဏ်ခွဲ ၆ ခု ထပ်ဖွင့်အုံးမှာဖြစ်ပါတယ်။ AGD ဘဏ်မှာ ဘဏ်ဝန်ထမ်းပေါင်း ၁၆၀၀ ကျော်ရှိပြီး ဦးရွှေမန်းရဲ့ အရှိန်ဖြင့် အချိန်တိုကာလအတွင်းမှာ နိုင်ငံတကာဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်၊ ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တို့ကို AGD က ရရှိခဲ့ ပါတယ်။

၂၀၁၁ ခုနှစ်က အကောင်းစား ဘက်စ်ကား ၃၃ စီးဖြင့် စတင်ပြေးစွဲနေတဲ့ အဝေးပြေး Express လုပ်ငန်းတွင် အကောင်းဆုံး E-Lite Express မှာလည်း ဦးတိုးနိုင်မန်းက အစုရှယ်ယာ အများဆုံး ပါဝင်ပါတယ်။ E-Lite Express ဟာ တစ်နိုင်ငံလုံးမှာ မရှိသေးတဲ့ လေယာဉ်အခင်းအကျင်းဖြင့် ဆွီဒင်နိုင်ငံ ထုတ်၊ အပေါ်ထပ် ၄၃ ခုံ၊ အောက်ထပ် ၁၃ ခုံပါ  နှစ်ထပ်ကားတွေနဲ့ ရန်ကုန် - နေပြည်တော် ပြေးဆွဲဖို့ စီစဉ် နေကြောင်း E-lite Express မန်နေဂျာ ဦးထွန်းမြင့်ဆန်းက ပြောဆိုထားပါတယ်။ 

ဦးတိုးနိုင်မန်းပိုင် E-Lite Tech Manufacturing ဟာ တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Huawei နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းလောကကို ထိန်းချုပ်နိုင်ဖို့အထိ လုပ်ဆောင်နေပါတယ်။ Huawei အမှတ်တံဆိပ် တရုတ်မိုဘိုင်းပစ္စည်းများဟာ ပြည်တွင်းဈေးကွက် အတွင်း၌ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေကြောင်း သိရပါတယ်။ E-Lite ကဲ့သို့ပင် Max နဲ့ ထူးကုမ္ပဏီမှာလည်း ဦးရွှေမန်း၏ သားနှစ်ဦး ပိုင်ဆိုင်တဲ့ အစုရှယ်ယာ အများအပြား ရှိနေပြီး အလားတူ Forever Group , ချယ်ရီ FM နှင့် Channel 5 တို့တွင် ဦးတိုးနိုင်မန်း ရှယ်ယာများစွာ ပါဝင် ပါတယ်။
ဦးတိုးနိုင်မန်းပိုင် Red Link Communications Ltd.

ဦးရွှေမန်း တိုင်းမှုးဖြစ်စဉ် ဦးအောင်သက်မန်း ပိုင် ဧရာရွှေဝါ ကုမ္ပဏီက ဧရာဝတီတိုင်းတွင်းက တောင်သူတွေကို ဓာတ်မြေသြဇာတွေ မယူမနေရစနစ်နဲ့ ရောင်းချခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ စင်္ကာပူ ဆန်တင်ပို့ခွင့်ကို ဦးအောင်သက်မန်းက ပထမဆုံး ရရှိခဲ့ပါတယ်။ ဦးတိုးနိုင်မန်း ပိုင် Red Link Communications Ltd ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး WIMAX စနစ်ဖြင့် အခပေး အင်တာနက်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရပိုင် စက်သုံးဆီဆိုင်တွေ ပုဂ္ဂလိက ပြုလုပ်ချိန်မှာ တိုးနိုင်မန်း ပါဝင်ခဲ့ပြီး လက်ရှိ Red Power ဆီဆိုင်တွေဟာ ဦးတိုးနိုင်မန်းပိုင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ဦးတိုးနိုင်မန်းဟာ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသူများ အသင်းတွင် အဆင့်မြင့်ရာထူးကို ရရှိထားပါတယ်။  ဤမျှလောက် သော ကြီးမားသည့် လုပ်ငန်းကြီးများ လုပ်ကိုင်လျှက်ရှိသော်လည်း မြန်မာနိုင်ငံတွင် အခွန်အများဆုံးဆောင် သည့် လူ ၅၀၀ စာရင်းတွင် ဦးရွှေမန်းသား နှစ်ဦးလုံး မပါဝင်ခဲ့ပါဘူး။

ဦးအောင်သက်မန်းနဲ့ ဦးတိုးနိုင်မန်းရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဦးရွှေမန်း တိုင်းမှူးဖြစ်ချိန်မှ စတင်ပြီး ရုတ်တရက် အောင်မြင်လာတာဖြစ်ပြီး ဦးရွှေမန်း နိုင်ငံတော်မှာ အဆင့် ၃ ကို ရောက်ရှိသွားချိန် မှာတော့ ဝန်ကြီးတွေက ဦးရွှေမန်းကို ကြောက်တဲ့အရှိန်နဲ့သားတွေ လုပ်ချင်သမျှလုပ်ကွက်တွေကို ချပေးခဲ့ ရခြင်းဖြစ်ပါတယ်။
Red Link ရုံးခွဲအား တွေ့မြင်ရပုံ

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ဟာ  ဦးတိုးနိုင်မန်းကို Red Link နှင့် အခြား အင်တာနက် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ရသလို မွေး/ရေ ဝန်ကြီး ဦးမောင်မောင်သိမ်းက ရေလုပ်ငန်း ဆိုင်ရာ အခွင့်အလမ်းများအား ဦးအောင်သက်မန်းကို ပေးခဲ့ရပါတယ်။ ဦးသိန်းဆွေမှလည်း ဆောက်လုပ် ရေးလုပ်ငန်းများစွာကို ဦးအောင်သက်မန်းအား လုပ်ခွင့်ပေး ခဲ့ရပါတယ်။ ဦးရွှေမန်း လွှတ်တော်ဥက္ကဌ ဖြစ်ချိန်မှာတော့ လွှတ်တော်ထဲမှာ ဦးသိန်းဆွေ က ဆက်သွယ်ရေးနဲ့ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဖြစ်လာပြီး ဦးမောင်မောင်သိမ်း က စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ၊ ဦးဌေးမြင့်က ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ၊ ဦးသိန်းဇော်က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဌ အသီးသီး ဖြစ်လာခဲ့ပါတယ်။ ဦးရွှေမန်းဟာ သားဖြစ်သူများရဲ့ စီးပွားရေးအတွက် အခွင့်အလမ်းပေးခဲ့သူများကို လွှတ်တော်တွင်းက ကော်မတီများမှာ ဥက္ကဌအဖြစ် ခန့်ထားရုံသာမကဘဲ အစိုးရနဲ့ခုံရုံးကို အတိုက်အခံလုပ်ပြီး ပြည်ထောင်စု အဆင့်ဖြစ်ရေး အတင်းတောင်းဆိုပေးခဲ့တာကို တွေ့ရှိရပါတယ်။

၂၀၁၂ မတ်လတုန်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းဟာ ဘဏ္ဏာရေးဝန်ကြီး ကိုလည်း မတိုင်ပင်၊ သမ္မတဦးသိန်းစိန်ကိုလည်း အသိမပေးဘဲ လစာတိုးမြင့်ရေးကို လွှတ်တော်မှာ ရုတ်တရက် ပြောဆိုလိုက်ပါတယ်။ လစာတိုးသတင်းဟာ ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး ကုန်ဈေးနှုန်း တွေ တရိပ်ရိပ်စတက်လာပါတယ်။ ဒေါ်လာဈေးတွေလည်း တက်သွားပြီး ဆီဈေးတွေနဲ့ သွင်းကုန်ပစ္စည်း တွေ ဈေးထိုးတက်သွားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှသိရတာက ဦးရွှေမန်း လွှတ်တော်မှာ လစာကိစ္စ မပြောခင် တစ်ပတ်အလိုကတည်းက ဦးအောင်သက်မန်းနဲ့ ဦးတိုးနိုင်မန်းက ဒေါ်လာတွေ သန်းချီကာ ကြိုတင်ဝယ်ယူ စုဆောင်းထားပြီး ဈေးတက်ပြီးနောက် ချက်ချင်းပြန်ရောင်းချိန်မှာ ရက်ပိုင်းအတွင်း သိန်းပေါင်းများစွာ အမြတ်အစွန်း ရရှိခဲ့ပါတယ်။ သားတွေစီးပွားဖြစ်စေဖို့ ဦးရွှေမန်းက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ သုံးလိုက်တယ်ဆိုပြီး နေပြည်တော် အသိုင်းအဝိုင်းအတွင်း အပြင်းအထန် ဝေဖန်မှုတွေရှိခဲ့ ပါတယ်။
ဦးတိုးနိုင်မန်း ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် E-Lite Express လုပ်ငန်း

ယခင် ဦးရွှေမန်း ဗိုလ်ချုပ်ကြီး ဘဝက ဦးရွှေမန်းသားတွေက ဖခင်အရှိန်အဝါနဲ့  စီးပွားရေး အခွင့်အလမ်းတွေ ရယူခဲ့ပေမယ့် ဘယ်သူမှမပြောရဲဘဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကြားမှာ ဝေဖန်မှုတွေ ပြင်းထန်လာတာကြောင့် Trade Time ဂျာနယ်မှ “အဘရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ အသံထွက် တာမျိုးကြားရပါတယ်။ အဲဒီအပေါ်မှာ အဘ clear ဖြစ်တယ်လို့ အာမခံနိုင်ပါ သလား။” ဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဦးရွှေမန်း အစစ်ဆေးခံနိုင်ပါတယ်ဆိုရင် ဒီဓာတ်ပုံလေးတွေကို ကြည့်ပြီး သုံးသပ်နိုင်ကြဖို့ဖြစ်ပါတယ်။

ကောင်းခန့်
 

No comments: