Pages


 

Sunday, November 10, 2013

လွဲနေသော တွေ့ဆုံပွဲများ

0 comments
 
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပေါ်ပေါက်လာပြီး လွှတ်တော်တွေပေါ်ပေါက်လာတာ၊ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာတာတွေကို ပြည်သူတစ်ယောက်အနေနဲ့ဝမ်းသာစွာကြိုဆိုမိပါတယ်။ ကမ္ဘာမှာ ငါတို့နိုင်ငံလဲ ဒီမိုကရေစီ နိုင်ငံဖြစ်တယ်လို့ ဂုဏ်ယူလို့ ရခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံတွေကလဲ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။ လွှတ်တော်တွေရဲ့ အလုပ်ကပြည်သူတွေအတွက်လိုအပ်တဲ့ဥပဒေတွေပြုမယ်၊ အစိုးရကအုပ်ချုပ်ရေးအာဏာနဲ့ အဲဒီတရားဥပဒေတွေ အတိုင်းအုပ်ချုပ်မယ်၊ တရားဥပဒေတွေ ချိုးဖောက်တဲ့သူရှိရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ခေါင်းဆောင်တဲ့ တရားရုံးတွေ ကပြစ်ဒဏ်ချမှတ်မယ်။ ကိုယ့်နေရာနဲ့ကိုယ်၊ ကိုယ်အလုပ်ကိုယ်လုပ်ပြီး ကိုယ်စီတာဝန်ကျေပွန်ကြပါမှ ဒီမိုကရေစီစနစ်ပီပြင်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့တွေ့မြင်ကြားသိနေရတဲ့တစ်ချို့သောကိစ္စတွေမှာ ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘဲ အခြားသူ တွေရဲ့အလုပ်တွေကိုဝင်ရောက်လုပ်ကိုင်နေတာတွေတွေ့နေရပါတယ်။ မနေ့ကနိုဝင်ဘာလ(၉)ရက်နေ့မှာဗိုလ်ရွှေမန်းက မန္တလေးကပြည်သူ အချို့နဲ့တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ ဒီလိုမျိုးပြည်သူ တွေနဲ့တွေ့ဆုံမှုလုပ်တာတွေ ပြည်သူတွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာတွေဟာ အစိုးရအဖွဲ့ကလုပ်ရမယ့်အလုပ်တွေသာ ဖြစ်ပါတယ်။ နေရာဒေသတော်တော်များများမှာဗိုလ်ရွှေမန်းရဲ့ လုပ်ရပ်တွေဟာ လွှတ်တော်ကလုပ်ရမယ့်အလုပ်တွေ မဟုတ်ဘဲ အစိုးရ လုပ်ရမယ့်အလုပ်တွေကို ၀င်လုပ်နေတာမို့ တလွဲဆံပင်ကောင်းနေတာ ဖြစ်နေပါတယ်။

အရင်တုန်းကပြည်ထောင်စုလွှတ်တော်နာယကလုပ်ခဲ့တဲ့ဦးခင်အောင်မြင့်ဆိုရင် ဗိုလ်ရွှေမန်းလိုမလုပ်ခဲ့ပါဘူး ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေ လုပ်တာမတွေ့ရပါဘူး။ သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ပျော်ဘွယ်ဒေသခံတွေနဲ့ တွေ့တာ လောက်ပဲရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နဲ့ တရားဥပဒေစိုးမိုးရေးဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လည်းဗိုလ်ရွှေမန်းလုပ်နေသလိုမျိုးလျှောက်လုပ်နေတာမတွေ့ရပါဘူး။ မဲဆွယ်စည်းရုံးတဲ့ကာလဆိုရင်တော့တစ်မျိုး ပေါ့။ အခုဟာက မဲဆွယ်စည်းရုံးရေးဆိုရင်လည်း တစ်အိမ်တစ်ယောက်တို့၊ တစ်ဌာနတစ်ယောက်တို့၊ ၀န်ထမ်းတွေ၊ ကျောင်းသားတွေ မလာမနေရ ဆိုတာမျိုးလုပ်လို့ မရပါဘူး။ အခု မန္တလေးမှာ ဗိုလ်ရွှေမန်း တွေ့ဆုံတာကတော့ အရင် စစ်အစိုးရခေတ်က အာဏာနဲ့ လာခိုင်းတဲ့ပုံစံမျိုးနဲ့လာခိုင်းခဲ့တာ ဖြစ်ပါတယ်။

ပြောရယင်တော့ အရင်စစ်အစိုးရခေတ်က အာဏာရှိခဲ့တဲ့အနေအထားကိုဆုပ်ကိုင်ထားပြီး ဒီမိုကရေစီခေတ် မှာကျင့်သုံးနေတာဖြင့် အမြင်မတော် ဆင်တော်နဲ့ခလောက် ဆိုသလိုပါပဲ။ လွှတ်တော်နာယကတို့ ဥက္ကဋ္ဌတို့ဆိုတာ ဥပဒေပြုရေးအာဏာပိုင်တွေသာဖြစ်ပါတယ်။အုပ်ချုပ်ရေးအာဏာပိုင်တွေမဟုတ်ကြပါဘူး။ ဒီလောက်တောဗိုလ်ရွှေမန်း သိသင့်ပါတယ်။ လက်ရှိအစိုးရသမ္မတဟာ အရင်စစ်အစိုးရခေတ်တုန်းက  ဗိုလ်ရွှေမန်းထက် ရာထူးငယ်ခဲ့ပေမယ့် ဒီကနေ့ ခေတ်မှာတော့ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအကြီးအကဲဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။

ဗိုလ်ရွှေမန်းရဲ့လှုပ်ရှားသွားလာမှုတွေကို တွေ့မြင်ရတာ ပြည်သူတွေလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လာရောက်နားထောင်တယ်ဆိုတာထက် သူပြောချင်ရာတွေပြောသွားတာက များပါတယ်။ အထူးအားဖြင့်တော့ ဘယ်သူကမှမေးတာမဟုတ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ပါတီတို့ဟာ ရန်သူမဟုတ်ဘဲ မိတ်ဖက်များ သာဖြစ်တယ်လို့ အဖြေပေးသွားတာမျိုးတွေဟာ အနာဂတ်အတွက် လမ်းခင်းလိုက် တာဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်ရွှေမန်းပူးပေါင်းပြီး သမ္မတနေရာဝင်ယူဖို့အတွက် မဲဆွယ်ခြင်းတစ်မျိုးသာဖြစ်ပါတယ်။ ဒီနေရာမှာ မန္တလေးဒေသခံတစ်ဦးအနေနဲ့ သိရတဲ့သတင်း တွေအရတော့ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်ကလည်း တပ်မတော်မှာ တုံးကရာထူးအရ ဗိုလ်ရွှေမန်းထက် ငယ်သူမို့ သွားခဲ့ရတာလို့သိရပါတယ်။

တကယ်ဆို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဆိုတာ ပြည်ထောင်စုအစိုးရနဲ့သာ သက်ဆိုင်တာဖြစ်ပါတယ်။ ဗိုလ်ရွှေမန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့သူတွေဟာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီးလွှတ်တော်          ကိုယ်စားလှယ်တွေသာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေအပြင်အခြားသောအဖွဲ့အစည်းတွေ၊ပြည်သူတွေပါ မတက်မနေရအမိန့်နဲ့ တက်ခိုင်းတာမျိုးကျတော့ အကျည်းတန်လွန်းလှပါတယ်။ အစိုးရတစ်ရပ်ရဲ့လုပ်ပိုင်ခွင့်တွေအပေါ်မှာ ကျော်လွန်ပြီးဝင်ရောက်စွက်ဖက် နေတာမျိုး ဖြစ်ပါတယ်။

ဗိုလ်ရွှေမန်းရဲ့ မန္တလေးတွေ့ဆုံပွဲမှာ ဒေသခံ အစိုးရနဲ့ပြည်သူတွေ ဘယ်လောက်စိတ်ဝင်စားမှုရှိတယ်၊မရှိဘူး ဆိုတာမမြင်နိုင်ပေမယ့် သူ့ရဲ့ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက်ကိုယ်တိုင်စိတ်ဝင်စားမှုမရှိတာ အထင်းသားတွေ့ရပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ ရှေ့ဆုံးတန်းကနေရာ ယူထိုင်နေတဲ့ ဒေါ်ခင်လေးသက်ရဲ့ပုံသဏ္ဍာန်ကို သတင်းတွေမှာ တွေ့မြင် နိုင်ပါတယ်။ တကယ်ဆို မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ သူ့စည်း၊ ကိုယ့်စည်းရှိပါတယ်။ ကိုယ့်ရဲ့စည်းအတွင်း သူများကျူး ကျော်ဝင်ရောက်တာ မကြိုက်သလို သူများစည်းကိုလည်း ကိုယ်ကမကျူးကျော်မိဖို့လိုပါတယ်။ ဒါဟာစည်းကမ်းရှိတဲ့ဒီမိုကရေစီဖြစ်ပါတယ်။ အကောင်းဆုံးနဲ့အမှန်ကန်ဆုံး ကတော့ ကိုယ်နေရာ ကိုယ်နေ၊ ကိုယ့်အလုပ် ကိုယ်လုပ်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဗိုလ်ရွှေမန်းရဲ့ လွဲနေတဲ့ တွေ့ဆုံပွဲတွေကတော့ စည်းကမ်း၊နည်းလမ်းမကျတဲ့ဒီမိုကရေစီလို့ပဲ ပြောချင်ပါတယ်။

ထွန်းအောင်ဝင်း(မန္တလေး)

No comments: