Pages


 

Tuesday, November 5, 2013

MPC နှင့် အီလည်လည် ငြိမ်းချမ်းရေး ရလဒ်

0 comments
 
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးကို အပြင်းအထန် ကြိုးစားနေသလို ငြိမ်းချမ်းရေး လုပ်ငန်းတွေ အောင်မြင်လား၊ မအောင်မြင်လားတော့ မသိဘူး နိုင်ငံတော်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို Myanmar Peace Centre (MPC) က တဆင့် ကားပါမစ်တွေ ချပေးလိုက်၊ ပါမစ်တွေကို MPC ကပဲ ပြန်ဝယ်လိုက်၊ ဝယ်လို့ရတဲ့ ပါမစ်နဲ့ ကားတွေသွင်းပြီး ပြန်ရောင်းစားလိုက်နဲ့ MPC တစ်ဖွဲ့လုံး  စီးပွားဖြစ်နေကြပြီ ဆိုတဲ့ သတင်းစကားတွေ ပေါ်လာခဲ့ပါတယ်။

ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်တောင် ၁၀ ရာခိုင်နှုံးမပြည့်တဲ့ ဘက်ဂျက်နဲ့ လည်ပတ်နေရချိန်မှာ ဦးအောင်မင်းက ပြည်တွင်းငြိမ်းချမ်ရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့  ဘက်ဂျက်တစ်ဝက် လိုအပ်တယ်လို့ သြဂုတ် ၃ ရက်က UMFCCI မှာ ပြောလိုက်ပါသေးတယ်။ ဒါပေမယ့် ဦးအောင်မင်းက ဘယ်နေရာတွေမှာ ဘယ်လိုသုံးရလို့ဆိုတာကိုတော့ မပြောနိုင်ပြန်ပါဘူး။

တကယ်တော့ MPC ဟာ အစိုးရအသိအမှတ်ပြု ဖွဲ့စည်းထားတာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အစိုးရအဖွဲ့က ရံပုံငွေ ၁၀ ဘီလျံကျပ် အပြင် လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ကားပါမစ်တွေ ကိုပါ ချပေးပါတယ်။ ဒါ့အပြင် လက်ရှိ MPC ကို ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ က အကူအညီတွေ ပေးနေပြီး တခြား  Myanmar Egress ကတစ်ဆင့် အနောက်နိုင်ငံတွေက Donor တွေဆီကလည်း အကူအညီတွေ ရနေပါတယ်။ MPC တစ်ဖွဲ့လုံးက နိုင်ငံတကာ အထောက်အပံ့တွေ၊ အလှူငွေတွေနဲ့ အစိုးရ ချပေးငွေတွေကို ဘယ်နေရာတွေမှာ ဘယ်လို သုံးလိုက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားတာ မရှိပါဘူး။

ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲမှုကို မမျှော်မှန်းနိုင်သော အသုံးစရိတ်အဖြစ် ခေါင်းစဉ်ပြပြီး သုံးစွဲလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း MPC လို အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို ဒီလို ခေါင်းစဉ်မျိုးပြပြီး လုပ်စားနေ တာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ 

လက်နက်ကိုင်အဖွဲ့တွေအတွက် နိုင်ငံတော်က သီးခြားခွင့်ပြု ပေးထားတဲ့ ကားပါမစ်တွေကို MPC ကပဲ ပြန်ဝယ်ကြပါတယ်။ အခြား ပါမစ်ရသူတွေ ကားသွင်းလာရင် ကားတန်ဖိုးပေါ် မူတည်ပြီး အခွန်များစွာ ပေးရပေမယ့် MPC ကို ပေးတဲ့ ပါမစ်တွေကိုတော့ မည်သူမျှခံစားခွင့် မရှိတဲ့ အခွန်ကင်းလွတ်ခွင့် ၃ နှစ် ရထားတယ်လို့ သိရပါတယ်။ MPC  တစ်ဖွဲ့လုံးဟာ နောက်ဆုံးပေါ် ဈေးကြီးကြီး ဇိမ်ခံကားကြီးတွေကို နိုင်ငံခြားပေါက်ဈေးနဲ့ အသစ်ချပ်ချွတ် ဝယ်ယူပြီး အမြတ်တင်ရောင်းချနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိ MPC အဖွဲ့ဝင် ဒါရိုက်တာများရဲ့ လစာငွေက အရမ်းမြင့်မားလွန်းတယ်လို့  သတင်းထွက်ပေါ်လာ တဲ့ ကိစ္စကိုလည်း တိတိပပ ပြန်လည်ဖြေရှင်းခြင်းမရှိခဲ့ပါဘူး။ MPC ၏ အသုံးစရိတ်များ စာရင်း ဇယားများဟာလည်း မှန်ကန်မှု မရှိဘူးဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ သမ္မတကြီးမျှော်လင့်တဲ့ ငြိမ်းချမ်းရေးနဲ့  မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဟာ MPC အဖွဲ့ဝင် အားလုံးအတွက်တော့ လုပ်စားလို့ အကောင်းဆုံး ငွေတွင်းကြီးဖြစ်နေ ပါတယ်။ MPC သက်တမ်းတစ်နှစ်ခွဲအတွင်းမှာ ငြိမ်းချမ်းရေးကိုလည်း ဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်နိုင်သေးပါဘူး။ အခုနောက်ဆုံး နိုဝင်ဘာ ၄ ရက်နေ့က လုပ်တဲ့ မြစ်ကြီးနား တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံ အစည်းအဝေးရလဒ်ကလည်း တိကျအောင်မြင်တဲ့ ငြိမ်းချမ်းရေးရလဒ် တစ်စုံတစ်ရာ ထွက်မလာပဲ အီလည်လည်ကြီးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်စားနေကြသူများ ဘယ်အချိန်ထိ လုပ်စားနေကြမှာလဲလို့ မေးလိုက်ချင်ပါတယ်။
 
မောင်ငြိမ်းချမ်း

No comments: