Pages

 

Friday, August 24, 2012

ဘယ်လမ်းကြောင်းသွားနေပြီလဲလို့ မေးလိုက်ချင် ? အပိုင်း ( ၂ )

0 comments



အပိုင်း ( ၂ )

ဤနေရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ၊ လွှတ်တော် ( ပြည်သူ့ ၊ အမျိုးသား ၊ ပြည်ထောင်စု ) နှင့် နိုင်ငံတော် သမ္မတ တို့၏ တာဝန်နှင့် ၀တ္တရားကို လေ့လာတင်ပြလိုပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၃၂၂ ရှိ လုပ်ငန်းတာဝန်များမှာ

(က) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို အနက် အဓိပါယ်ဖွင့်ဆိုခြင်း ၊
(ခ) ပြည်ထောင်စု လွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် ၊ပြည်နယ်လွှတ်တော်(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ဒေသဦးစီးအဖွဲ့တို့က ပြဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်ခြင်း ရှိ / မရှိ စိစစ်ခြင်း။
(ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ညီညွှတ်ခြင်း ရှိ / မရှိ စိစစ်ခြင်း။
(ဃ) ပြည်ထောင်စု နှင့် တိုင်းဒေသကြီး အကြား ၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အကြား ၊ တိုင်းဒေသကြီး အချင်းချင်း ၊ပြည်နယ်အချင်းချင်း ၊ တိုင်းဒေသကြီး (သို့) ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အကြား ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း။
(င) တိုင်းဒေသကြီး ၊ ပြည်နယ် (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု နှင့် တိုင်းဒေသကြီး ၊ ပြည်နယ် (သို့) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များ နှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း။
(စ)ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း။
(ဆ) ပြည်ထောင်စုလွှတ်တော်က ပြဌာန်းသည့်ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ။
စသည်တို့ ဖြစ်ကြပါသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၊ အခန်း (၁) ၊ ပုဒ်မ - ၆ ရှိ အခြေခံမူများတွင် --နိုင်ငံတော်သည်
(က) ပြည်ထောင်စု မပြိုကွဲရေး
(ခ) တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး
(ဂ)အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး
(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး
(င) နိုင်ငံတော်၌ တရားမျှတခြင်း ၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ပိုမို ထွန်းကားရေး နှင့်
(စ) နိုင်ငံတော်၏ အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ဖော်ပြပါရှိပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၆ (ဃ) နှင့် ( င) မှာ ပြဌာန်းထားသော ပြဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၁၁(က) ပါ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ကိုလည်း ဆိုလိုပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၄၈ တွင် `` နိုင်ငံတော် အခြေခံမူ´´ များသည် ဥပဒေပြု လွှတ်တော်များက ဥပဒေပြဌာန်းထားရာတွင် လည်းကောင်း ၊ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အခြားဥပဒေများပါ ပြဌာန်းချက် များကို သက်ဆိုင်ရာက အနက်အဓိပါယ်ဖွင့်ဆိုရာတွင် လည်းကောင်း လိုက်နာရမည့် လမ်းညွှန်ဖြစ်သည်ဟု ဆိုထားရာ အခန်း (၁) ၊ ပုဒ်မ- ၆ ရှိ အခြေခံမူများသည် ပုဒ်မ - ၁၁ နှင့် ဆက်စပ်နေ၍ အဓိပါယ်ဖွင့်ဆိုရာတွင် များစွာ ကျယ်ပြန့်လေးနက်သော အဓိပါယ်ဖွင့်ဆိုရန် တာဝန်ရှိပါသည်။

ထို့အပြင် ၁၉၇၃- ခုနှစ် ၊ စကားရပ်များ အနက်အဓိပါယ် ဖွင့်ဆိုရေး ဥပဒေ (၁၉၇၃ -ခုနှစ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေ အမှတ် -၂၂ ) အရလည်း စကားရပ် တစ်ခုတည်းကို အဓိပါယ်ဖွင့်ဆိုရာ ရှေ့နောက် စကားတို့၏ အဓိပါယ်နှင့် အညီ သော်လည်းကောင်း ၊ အခြားဆက်စပ်သော ဥပဒေ ၊ နည်းဥပဒေနှင့် အညီ သော်လည်းကောင်း ကျယ်ပြန့်စွာ ကောက်ယူ၍ အဓိပါယ်ဖွင့်ဆိုရန် ဖြစ်ပါသည်။

ယခုခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲတွင် သီးခြား အဓိပါယ် ဖွင့်ဆိုခြင်း ၊ ပြဌာန်းခြင်း မရှိသော `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်း´´ ဆိုသည့် စကားရပ် တစ်ခုတည်းကိုသာ အလေးပေး ဆုံးဖြတ်ထားသဖြင့် ယင်းနှင့် စပ်လျဉ်းသော ဥပဒေ ၊ နည်းဥပဒေများကို မျက်ကွယ်ပြုထား သကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ -၃၂၂ (ခ ) မှာ (စ)အထိတွင် စိစစ်ခြင်း ၊ ဆုံးဖြတ်ခြင်း နှင့် စိစစ်ဆုံးဖြတ်ခြင်း ဟုပါရှိပြီး ပုဒ်မ - ၃၂၂ (က)တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များကို အနက် အဓိပါယ်ဖွင့်ဆိုခြင်း ဟုပါရှိရာ ၄င်းက ၃၂၂ (ခ) မှ (စ) အထိသာ စိစစ်ဆုံးဖြတ်ခွင့်ရှိပါသည်။ ပုဒ်မ - ၃၂၂ (က) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များကို အနက် အဓိပါယ်ဖွင့်ဆိုပေးရန်သာ တာဝန်ရှိခဲ့သော်လည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း တွေ့မြင်နေရပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၁၁၄ နှင့် ပုဒ်မ -၁၁၂ (ဃ ) တွင် ပြည်သူ့လွှတ်တော် / အမျိုးသား လွှတ်တော် ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သော်လည်းကောင်း ၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့် ဆောင်ရွက်ရမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၁၁၅ ( ဃ ) အရ `` ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော် ကော်မတီများ၏ အဖွဲ့ဝင် ဦးရေ ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့် နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်ဟု ဆိုရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ - ၁၁ အရ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ခက်မသုံးဖြာတွင်ပါဝင်သော ဥပဒေပြုရေးမဏ္ဍိုင်၏ အမြင့်ဆုံးအာဏာရထားသော ပုဂ္ဂိုလ်သည် ကော်မတီတို့၏ လုပ်ပိုင်ခွင့် ၊ရပိုင်ခွင့် နှင့် အဆင့်အတန်းတို့ကို သတ်မှတ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ထိုသို့ ပြုလုပ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ဆန့်ကျင်မှု မရှိကြောင်း တွေ့ရပါသည်။ထို့ကြောင့် ၄င်းတို့မှ သတ်မှတ်ပေးထားသော ( ပြည်သူ့ လွှတ်တော် / အမျိုးသား လွှတ်တော်) လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည် ဟု သတ်မှတ်ပေးခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ညီညွှတ် ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း၏ အနက်အဓိပါယ် ဖွင့်ဆိုထားခြင်း မရှိပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါရုံမျှဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ညီညွှတ်မှု မရှိဟု မဆိုနိုင်ပါ။

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ - ၂ (စ) ၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ - ၂ (ဇ) ၊ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ - ၂ (ဇ) ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ- ၂ (ဃ) နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ ၊နည်းဥပဒေ -၂ (ဂ) တို့တွင် `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု အစိုးရ အဖွဲ့ ၊ အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီ ၊ ဘဏ္ဍာရေး ကော်မရှင် ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၊နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကို လည်းကောင်း ၊ ပြည်ထောင်စု လွှတ်တော် ၊ပြည်သူ့ လွှတ်တော် နှင့် အမျိုးသား လွှတ်တော် တို့က ဖွဲ့စည်းသည့် ကော်မတီ ၊ ကော်မရှင် နှင့် အဖွဲ့တို့ကို လည်းကောင်းဆိုသည် ဟု ဖော်ပြထားရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားသည့် အဆင့် ဖြစ်ကြောင်း ပေါ်လွင်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်း မရှိ၍ `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ´´ မဟုတ်ဘူး ဆိုလျှင် ၊ အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီ ၊ ဘဏ္ဍာရေး ကော်မရှင် ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၊နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကိုလည်း ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်း မရှိပါ။ သို့ဆိုလျှင် ၄င်းတို့သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ မဟုတ်ဘူးလားဟု မှတ်ယူရမည်ကဲ့သို့ပင် ဖြစ်နေပါသည်။

ဤအချက်ကို လေ့လာသုံးသပ်ရာတွင် လက်ရှိ လွှတ်တော်တွင် ဥပဒေများကို မူအဖြစ်လောက်သာ ပြဌာန်းပြီး နည်းဥပဒေများ ထဲတွင် ပြည့်စုံစွာ ထည့်သွင်းထားသကဲ့သို့ ဖြစ်နေကြောင်းတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် `` ပြည်ထောင်စု အဆင့် အဖွဲ့အစည်း´´ ဟူ၍ တိကျစွာ သတ်မှတ်ထားခြင်း မရှိသော ကြောင့် ၄င်းတို့နှင့် သက်ဆိုင်သော ဥပဒေ ၊ နည်းဥပဒေများတွင် ထည့်သွင်းပြဌာန်းခြင်း ဖြစ်ကြောင်း တွေ့မြင် ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူ နှင့် ၁၉၇၃ -စကားရပ်များ အနက်အဓိပါယ်ဖွင့်ဆိုခြင်း ဥပဒေ အရ ကျယ်ပြန့်စွာ ကောက်ယူရန် ဥပဒေ ၊နည်းဥပဒေများကို ထည့်သွင်းစဉ်းစားရမည်သာ ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ -၄၄၃တွင် ဤဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဟု ဆိုထားရာနိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဌာန်းခဲ့သော ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ ၊ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ နှင့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ရေးဆွဲပြဌာန်းခဲ့ကြောင်း ထင်ရှားပါသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၄၄၆ အရ တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုမီ ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု ဖော်ပြထားရာ အမြင့်ဆုံးအာဏာဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပယ်ဖျက် ခြင်း မပြုသေး၍ တည်ဆဲဥပဒေဖြစ်ပါသည်။
သို့ပါသောကြောင့် `` ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီ ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ် အဓိပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု ရှိကြောင်း´´ တွေ့ရပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက “လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းသည် လွှတ်တော်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို နိမ့်ချရာ ရောက်ပါသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ -၃၂၂ (က )ကို ကျော်လွန်၍ ဆုံးဖြတ်ချက် ချသကဲ့သို့ ဖြစ်သွားကြောင်း ၊ ပုဒ်မ - ၄၄၃ နှင့် ပုဒ်မ -၄၄၆ ကို မျက်ကွယ်ပြုသကဲ့သို့ ဖြစ်သွားကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း နှင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် ခြင်းဆိုသည့် ပုဒ်မ- ၃၃၄ကို ကျူးလွန်သကဲ့သို့ ဖြစ်သွားပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ - ၂၀၃ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ -၂၂၈ တွင် ပြည်ထောင်စု အစိုးရသည်
(က) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်၊ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံ ရမည်။

(ခ) နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်။
ထိုပုဒ်မများတွင် ပါရှိသော စကားရပ်များ၏ အဓိပါယ်ကို လေးနက်ကျယ်ပြန့်စွာလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်လျက်ရှိပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ -၂၀၇ တွင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ နှင့် မဆန့်ကျင် စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း ၊ အာဏာပိုင် ပုဂ္ဂိုလ် တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရxxx ဟု ဆိုထားရာ နိုင်ငံတော် သမ္မတ နှင့် ပြည်ထောင်စု လွှတ်တော် အာဏာ ခွဲဝေမှု တူညီကြောင်း တွေ့ရမည် ဖြစ်ပါသည်။

ယခု လွှတ်တော်ကိုယ်စားလှယ်များ ပြောဆိုနေသည်မှာ ရပိုင်ခွင့် မဟုတ်ဘဲ ၊ လုပ်ပိုင်ခွင့်သာ ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်များကို ဥပဒေတွင် ပြဌာန်းပြီး ဖြစ်သော်လည်း အဆိုပါအချက်များကို လေးစားလိုက်နာ ရန်လိုအပ်လျက် ရှိနေပါသည်။ ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာစေရန်နှင့် လွှတ်တော် ခိုင်မာ တည်မြဲစေရန် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ- ၁၁ ပါ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုစနစ်ပျောက်ဆုံးသွားပါက ဒီမိုကရေစီစနစ် ပြိုလဲသွားမည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်၏ ဂုဏ်သိက္ခာ ၊ လွှတ်တော်၏ ဂုဏ်သိက္ခာအတွက် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စု အဆင့်မှ နေ၍ ပြည်သူလူထု၏ အကျိုးစီးပွားကို ဆောင်ရွက်နေရသောကြောင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းသာ ဖြစ်ထိုက်ကြောင်း တွေ့ရှိရပါသည်။

ရိုးသားစွာတင်ပြလိုသည်မှာ
(၁)ပြည်ထောင်စု အစိုးရမှ လွှတ်တော်တွင်း မေးခွန်းများ ၊အဆိုများကို ဆွေးနွေးရာတွင် အချိန်အခက်အခဲ ကြောင့်လား ။
(၂)မေးခွန်းများ မေးမြန်းရာတွင် နောက်ထပ် ထပ်ဆင့်မေးခွန်းများကို တစ်ထိုင်တည်းဖြေဆိုရန် ခက်ခဲလို့လား
(၃) ကော်မတီ ၊ ကော်မရှင်များ၏ ဖိတ်ကြား ဆွေးနွေးမှုများတွင် အခက်အခဲတွေ့ကြုံနေရလို့လား။
(၄) လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များကို ကျေနပ်မှု မရှိလို့လား
(၅) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေမှာပါဝင်တဲ့ ပြဌာန်းချက် အချို့ကို ပြည့်စုံစွာ မလေ့လာမိလို့လား။
(၆) လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျေနပ်မှု မရှိ၍လား။
(၇) လွှတ်တော်ကကော အစိုးရကို သိပ်ဖိအားပေးနေသလို ဖြစ်နေသလား ။
(၈) အစိုးရက လွှတ်တော် ဆွဲခေါ်ရာနောက်ကို လိုက်ဖို့ ခက်ခဲနေလို့လား
စတဲ့ စတဲ့ မေးခွန်းများစွာပေါ်ပေါက်လာပါတယ်။

ပြည်ထောင်စုအစိုးရ နဲ့ ၊လွှတ်တော်များကပုဂ္ဂိုလ်စွဲ ၊ ၀ါဒစွဲ ၊ အဖွဲ့အစည်းစွဲမထားဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် ၊ နိုင်ငံတော် နှင့် နိုင်ငံသားများအတွက် ၊ ဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် အဆိုပါ ပြသနာကို အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။

ဒီပြသနာ၏ အရင်းအမြစ်ကို ဖြစ်ပွားစေသော ပြည်ထောင်စု အစိုးရနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည မည်သည့်လမ်းကြောင်းကို သွားနေခြင်း ဖြစ်ပါသလဲ။လွှတ်တော်က ဘယ်လမ်းကြောင်းကို သွားနေပါသလဲ။ တန်းတူရည်တူ အခွင့်အရေး၇ထားသော ပြည်ထောင်စု အစိုးရ နှင့် လွှတ်တော်ကြားတွင် တောင်မှ ဥပဒေအရ ပေးအပ်ထားသော လုပ်ပိုင်ခွင့် ၊ အခွင့်အရေးကို မရရှိခြင်းသည် ပြည်သူပြည်သားများ ၊ တိုင်း၇င်းသားများအတွက်ကော တည်ငြိမ်မှု ၊ ထာဝရငြိမ်းချမ်းမှု ရရှိနိုင်ပါ့မလား စသည့် စသည့် မေးခွန်းများစွာ ပေါ်ပေါက်လာ၍ ဒီဆောင်းပါးကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

ref : http://myanmarstatesman.blogspot.com/

No comments: