ဦးအောင်မင်း အကြောင်း ရေးသားနေတာတွေ တွေ့ရတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံမိပါ။ မီးရထား ဝန်ကြီး ဌာန၊ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ခဲ့၍ မြန်မာ့မီးရထားကဏ္ဍ၏ စိတ်မောဖွယ်ရာအကြောင်း တစေ့တစောင်းကိုလည်း ရင်ဖွင့်ချင်လာမိသည်။
မီးရထားကဏ္ဍသည် အရှေ့တောင်အာရှတွင် မြန်မာက စတင်လာခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ် လက်ထက် ၁၈၈၇ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ရန်ကုန်မှ ပြည်သို့ ပထမဦးဆုံးမီးရထား စတင်ပြေးဆွဲခဲ့ခြင်းဖြင့် မြန်မာ့ မီးရထားအပိုင်း စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဒီဇယ်ရထားခေါင်းတွဲများ ရန်ကုန်မြို့သို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင်ပြေးဆွဲအသုံးပြုခဲ့သည်။
ခေတ်အဆက်ဆက် မြန်မာ့မီးရထားကိုပိုမိုခေတ်မီစေဖို့ အင်းစိန်စက်ခေါင်းပြင်ရုံ၊ မလွှကုန်း ဒီဇယ်စက်ခေါင်း ပြင်ရုံ၊ ရွာထောင်ဒီဇယ်စက်ခေါင်းပြင်ရုံများကိုတည်ထောင်ပြီး မီးရထားကဏ္ဍကို မြင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့သည်။
၈၈ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံး မီးရထားလမ်း အရှည် ၁၉၇၆.၃၅ မိုင်ရှိခဲ့ပြီး ၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရခေတ်တွင် မီးရထားလမ်းအရှည် ၃၅၄၅.၁၃ မိုင်အထိရှိလာခဲ့သည်။ ယခင်က စာပို့ရထားပဲပြေးဆွဲနိုင်သည့် ရန်ကုန် - မန္တလေး မီးရထားလမ်းကို အဆင့်မြှင့်တင်ပြီး ဒဂုံမန်း၊ ရွှေမန်းမေ စသည်ဖြင့် ပုဂ္ဂလိကရထားလိုင်းများ ပေါ် လာခဲ့သည်။ ရွှေမန်းမေ ရထားလိုင်းမှာ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ခင်ယုမေ၏ ရွှေမန်းမေ သီချင်းကြောင့် စီးနင်းလိုက်ပါသူခရီးသည် ပိုမိုရရှိခဲ့သည်။
မှန်ပါသည်၊ စစ်အစိုးရခေတ်မှာ လမ်းပိုင်းတိုးချဲ့တာတွေရှိပါသည်။ သို့သော် လမ်းအရှည်မိုင်သာ တိုးလာ ခဲ့ပြီး အရည်အသွေးမြှင့်တင်နိုင်မှုအပိုင်း အားနည်းခဲ့သလို ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွင်လည်း အလွန်အားနည်းခဲ့ ပါသည်။ လက်ရှိကာလတွင် အရည်အသွေးတော်တော်ကျဆင်းနေပြီဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှမှာ ခေတ်ရှေ့ပြေးခဲ့တဲ့ မြန်မာ့မီးရထား ဒီအခြေအနေ ဘာကြောင့်ရောက်ခဲ့ရသလဲ၊ ဝန်ထမ်းဟောင်း တစ်ယောက် အနေဖြင့် စဉ်းစားမိပြီး ရင်ဖွင့်ချင်လာခြင်းဖြစ်သည်။
မီးရထားလောကတွင် အကျင့်ပျက် ခြစားမှုမျိုးစုံ ရှိကြပါ၏။ ခေတ်အလိုက် စီးပွားလမ်းဖြောင့်ခဲ့ကြပါ၏။ အထက်ကိုလည်း ပေးရ၏၊ ဝေစုခံလည်း ယူရ၏။ ဝန်ထမ်းအားလုံး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲစေရန် နည်းအမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ကြသော်လည်း ခေါင်ကမိုးမလုံလျှင် တံစက်မြိတ်က ဘယ်လိုမျှ မလုံနိုင် ပါချေ။ ကျွန်တော်သည် ၁၉၇၇ ခုနှစ် မီးရထားဝန်ကြီး ဦးထွန်းလင်း လက်ထက်မှစ၍ ဦးအောင်မင်း လက်ထက်အထိ ဝန်ကြီးအဆက်ဆက်ကိုလည်း မှီခဲ့ပါသည်။ အဆိုးဆုံးကာလမှာ ဝန်ကြီး ဦးအောင်မင်း ကာလဖြစ်ပါသည်။
ကျွန်တော်တို့ထက် အသက် ၇ နှစ်ခန့် ငယ်ပါလိမ့်မည်။ သူ့ကို '' အဘ '' ဟု ခေါ်ရပါသည်။ အဘဝန်ကြီး ဦးအောင်မင်း က ကျွန်တော်တို့ဘာမှမတတ်ခဲ့ပါဘူး ဟု ပြည်သူတွေကြားမှာ ပြောလေ့ရှိပါသည်။
ဦးအောင်မင်း မတိုင်ခင်က နဝတခေတ် ဝန်ကြီးများဖြစ်သည့် ဦးဝင်းစိန်၊ ဦးပန်းအောင် အသီးသီး လက်ထက်တွင် မြန်မာ့မီးရထားနှင့်ပတ်သက်၍ တတ်နိုင်သလောက် တိုးချဲ့လုပ်ကိုင်ခဲ့ကြပါသည်။ သူတို့အနေနှင့် ပညာရှင်များမဟုတ်သော်လည်း တည်ဆောက်ရေးလုပ်ငန်းမှန်သမျှကို ကိုယ်တိုင်မြေပြင်ဆင်းပြီး လိုက်လံစစ်ဆေး ကြသည်။ ပညာရှင်များကို နေရာပေးကြသည်၊ မြန်မာ့မီးရထားကဏ္ဍကို အဆင့်အတန်း တစ်နေရာတွင် ထိန်းထား နိုင်ခဲ့သည်။ သူ့လက်ထက်နှင့်သူ အဆင့်အလိုက်အဆင်ပြေအောင် ညှိနှိုင်း ရယူမှုများလည်း ရှိကြသည်။ စာဖွဲ့ လောက်သည့် အနေအထားတော့မရှိ။ သို့တစေ အားလုံးကျေနပ်ကြသည်။
၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဦးအောင်မင်း ဝန်ကြီးဖြစ်လာသည့်အချိန်တွင် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့သည်နှင့်အတူ မီးရထားကဏ္ဍတွင် တည်ဆောက်ရေးပိုင်းဆိုင်ရာ တိုးချဲ့ ခဲ့ရတာတွေ၊ အသစ်တည်ဆောက်ရတာတွေလည်းများလာခဲ့သည်။ လုပ်ငန်းတွေများလာလေ ၁ဝ ရာခိုင်နှုန်း ဆိုသည့် နာမည်ကြီးကိစ္စတွေ များလာလေဖြစ်လာသည်။ ၁ဝ ရာခိုင်နှုန်းမျှဖြင့် အားမရသောကြောင့် ယောက်ဖတော် သူ တည်ထောင်ထားသည့် မင်းအနော်ရထာကုမ္ပဏီနှင့် ၎င်း၏ တူဖြစ်သည့် ဝဏ္ဏကိုတို့အား ဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းအများအပြားကို လက်ဝါးကြီးအုပ်ဆောင်ရွက်စေခဲ့ပြီး တဖြည်းဖြည်းနှင့် ၁ဝ ရာခိုင်နှုန်းပျောက်သွားကာ ဦးအောင်မင်း အိတ်ကပ်ထဲသို့ အကုန်ရောက်သွားတော့သည်။
ဦးအောင်မင်း လက်ထက်တွင် ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခဲ့သော်လည်း ရထားလမ်း၏ အရည် အသွေးမှာ မြင်းလိုခုန်၊ လိပ်လိုသွား ဟု နာမည်ကြီးခဲ့သည်။ ရန်ကုန် - မန္တလေး ၁ဝ နာရီ ခရီးကို ၁၆ နာရီကြာမှ ရောက်သည်။ တိုးချဲ့တာလည်းများသလောက် ပျက်စီးတာတွေလည်း ပိုများလာခဲ့သည်။ ၁၉၉၂ ခုနှစ် ကတည်းက ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရောက်ရှိခဲ့တဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့များ၏ လုပ်ငန်းလိုင်စင်ကိစ္စများသည်လည်း ဝန်ကြီး၏ထိန်းချုပ်မှု အောက်မှာ စည်းပျက်ကမ်းပျက်နှင့် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့ရသည်။ မြစ်ငယ် မီးရထားစက်ရုံ၏ BOT ကန်ထရိုက်စနစ်များတွင်လည်း ၁ဝ ရာခိုင်နှုန်းအထက် ရလိုခြင်းကြောင့် China National Complant ကုမ္ပဏီ က မျက်ကလဲဆန်ပြာ ဖြစ်ခဲ့ရသည်။ ၁ဝ ပေ တံတား ၁ စင်းဆောက်ဖို့ အမည်ပေါက် လိုချင်လျှင် သိန်း ၅ဝ ပေးရ သည်။ ဒီလိုနှင့် စီမံကိန်းအားလုံးနီးပါး သူတို့၏ကုမ္ပဏီများကသာ နေရာယူခဲ့သည်။ မီးရထားဝန်ကြီးဌာနပိုင်မြေ၊ အဆောက်အဦတွေဟာလည်း မိသားစုပိုင် တော်တော်များများ ဖြစ်သွားခဲ့သည်။ မိတ်ဆွေများ၏ သတင်းစကားအရ မြောက်ဥက္ကလာ ခုံးကျော်တံတားအတွက် စီမံကိန်းအင်ဂျင်နီယာများက ဝန်ကြီးသို့ သိန်းပေါင်း တစ်သောင်းလောက် ပေးရကြောင်း သိရသည်။
သမီးကလည်း Lucky Flower ? Sunday Mart ? Sakantha ဟိုတယ် စသည်ဖြင့် လုပ်ငန်းရှင်ကြီး ဖြစ် လာခဲ့သည်။ ရှေ့ကဝန်ကြီးများနှင့် အလွန်ကွာပါသည်။ ဘာမှမတတ်ဘူးဟုသာ ပြောသည်။ သူတတ်သမျှ အားလုံး သူ့အတွက်ချည်းဖြစ်နေသည်။ ပြည်သူတွေအားလုံး မသိသေးသော လက်တွေ့ဖြစ်ရပ်မှန်များဖြစ်သည်။ သူ၏ အရည်အချင်းမှာ လူယုံအောင်ပြောတတ်သည့်နေရာတွင် တစ်ဖက်ကမ်းခတ်သည်။ ကျွန်တော်တို့လို လက်အောက် ဝန်ထမ်းများအနေဖြင့် သိနေသော်လည်း ပြန်ပြောခွင့်မရှိ၊ တင်ပြပိုင်ခွင့်မရှိ၊ အထက်လူကြီးများ အနေဖြင့်လည်း သိသိကြီးနှင့် အညာခံနေရသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသည်။
ကျွန်တော့်မှာ ခံစားချက်ရှိပါသည်။ ဦးအောင်မင်းက သူတာဝန်ယူခဲ့တဲ့ မီးရထားဝန်ကြီး ကာလ တစ်လျှောက် ဘာတွေလုပ်ခဲ့ပါသလဲ၊ မတတ်ဘူးဟုပြောပြီး လက်အောက်ကဝန်ထမ်းတွေ အပေါ်မှာကော ညှာတာ တဲ့စိတ်ထား ရှိခဲ့ပါသလား၊ ကျွန်တော်တို့ဟာ ဝန်ထမ်းများဖြစ်ပါသည်။ ပညာရှင်လည်း ဖြစ်ပါသည်။ မတတ်ပါလျှင် ပညာရှင်ရဲ့ အကြံပြုမှုကိုလက်ခံရပါမည်။ တင်ပြခွင့်လည်းမရှိ၊ ဖြေရှင်းခွင့်လည်းမရှိ၊ မိသားစုကုမ္ပဏီကို Contract ပေးပြီး ပညာရှင်ရဲ့စစ်ဆေးမှု၊ လက်ခံမှုမပြုရဘဲနဲ့ လူကြီးတွေကို ပြီးပါပြီလို့ တင်ပြလို့ ဖွင့်လှစ်ပေးခဲ့ရတဲ့ လမ်းတွေ၊ ဖွင့်ပြီးနောက် တစ်နေ့မှာဘဲ မြေသားမကောင်း၊ ကျောက်မပြည့်လို့ မနိုင်မနင်း အပေါက်ဖာခဲ့ရတာတွေဟာ ဒီနေ့ အထိ အကျိုးဆက်တွေပါလို့ ကျွန်တော်ပြောရဲပါသည်။ အထက်လူကြီးကို လိမ်ညာတင်ပြပြီး လုပ်ငန်းတွေ အတင်း တိုးချဲ့၊ တိုးချဲ့သလောက် နောက်ကမနိုင်မနင်း လိုက်လုပ်နေရပေမယ့် သူကတော့ ဆယ်သက်မက ချမ်းသာသွား ခဲ့သည်မှာ အသေအချာဖြစ်ပါသည်။
ဦးအောင်မင်း သမ္မတရုံးဝန်ကြီး ဖြစ်သွားတော့ ဦးဇေယျာအောင် ပြောင်းလာသည်ဟု သိရသည်။ မြစ်ကြီးနားတိုင်းမှူးကလာတယ်ဟုသိရပြီး KIA နဲ့ ဖြစ်တဲ့ကိစ္စတွေမှာ အခြေအနေမကောင်းလို့ တပ်ချုပ်က သမ္မတနဲ့ ညှိပြီး အရပ်ဘက်ပို့လိုက်တာ ဟု ပြောကြသည်။ သူလည်း ဘာမှတတ်မှာမဟုတ်ပါဘူး ဟု လက်ရှိတာဝန် ထမ်းဆောင်ဆဲ မိတ်ဆွေများက ပြောကြပြန်သည်။ ဦးဇေယျာအောင် တစ်ယောက်လည်း ဘာမှမတတ်၊ ဘာမှ မလုပ်ရသေးခင် ဝန်ကြီးဌာနတစ်ခုကို ပြောင်းသွားပြန်ပါသည်။
ဘာပဲဖြစ်ဖြစ် ကိုယ့်ဝန်ကြီးဌာနကိုတော့ နာမည်ကောင်းနှင့် ရှိစေချင်သည်။ ယခုလို နာမည်ဆိုးနှင့် ကျော်ကြားမှုမျိုးကို မလိုလားပါ။ တစ်ကယ်ကျွမ်းကျင်တဲ့လူတွေကို နေရာမပေးဘဲ သူ့အတွက် အဆင်ပြေမယ့် ဆွေမျိုးသားချင်းများ၏ ကုမ္ပဏီများကိုသာ နေရာပေးပြီး ကိုယ်ကျိုးလုပ်သွားသူ အတ္တသမား ဦးအောင်မင်းမှာသာ တာဝန်ရှိပါသည်။ ယခု ကျွန်တော် အရပ်ထဲရောက်လာတော့ သတင်းပိုစုံလာသည်။ Peace Center ကို ထူထောင် ပြီး ငြိမ်းချမ်းရေးအတွက်အကြောင်းပြကာ နိုင်ငံတော်၏ ဘတ်ဂျက်ထက်ဝက်လောက်ကို ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ အတွက် နိုင်ငံတော်သမ္မတထံသို့ သွယ်ဝိုက်သောနည်းအားဖြင့် တင်ပြတောင်းခံထားဆဲဟု သိရသည်။ မိသားစု၌ ဆယ်သက်စားမကုန်သော ပိုင်ဆိုင်မှုများရှိနေပါလျက် ရောင့်ရဲတင်းတိမ်နိုင်မှုမရှိသည့်လုပ်ရပ်ကို တော်တော်ရွံမုန်း မိသည်။ သူ့လိုလူတွေရှိလို့လဲ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီနှင့်ဝေးနေတာ ဖြစ်သည်။ ဝန်ကြီးဌာနကို ဖျက်ဆီး ပြီးနောက် နိုင်ငံတော်ကိုပါ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေသည့် ခြေလှမ်းတစ်ရပ်ဟုသာ ကျွန်တော်မြင်ပါ သည်။ မီးရထားစက်ခေါင်းရုံ၊ တွဲပြင်အလုပ်ရုံတို့မှ ကန်ထရိုက်တာများအပေါ် ခေါင်းပေါင်းဖြတ်ခဲ့သည့်ဝေစုများ၊ လမ်း/တံတားများ တည်ဆောက်မှုအပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ဒွေးလမ်းတည်ဆောက်မှုပေါ်မှ ရရှိခဲ့သည့်ဝေစုများ၊ ကတိကဝတ်ပေါင်းမြောက်မြားစွာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့သည့် ကားပါမစ်များမှရရှိခဲ့သောဝေစုများ၊....များ၊ ....များ တို့ဖြင့် လုပ်ချင်တာလုပ်နေသော ဖခင်၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့သမီး၊ နောက်ဆုံးတော့ မွတ်ဆလင်ဆိုသူကိုပါ သမက်အဖြစ် အိမ်ပေါ် တင်ထားသည်ဟု သိရသည်။
ကိုခိုင်လေး ဆိုသူက အင်တာနက်ပေါ်တွင် ရေးထားတာဖတ်လိုက်ရသည်။
လွှတ်တော်ကို ဖျက်ဖို့လိုသလို ဒီလိုလူမျိုးတွေကိုလည်း ဝန်ကြီးရာထူးက ဖြုတ်သင့်ပါသည်။ နိုင်ငံတော် အတွက် ဘာတစ်ခုမှအကျိုးမရှိ၍ ရင်ဖွင့်မိခြင်းဖြစ်ပါသည်။
မီးရထားဝန်ထမ်းဟောင်းတစ်ဦး
No comments:
Post a Comment