Pages


 

Sunday, August 25, 2013

တစ် ရာခိုင်နှုန်းနဲ့ ဖြုတ်ချခံရမှာ ကြောက်နေတဲ့ ကြံ့ဖွံ့အမတ် ဦးမောင်တိုး

0 comments

သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့မှာ ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင် က တင်သွင်းခဲ့တဲ့ “လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း” နဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးကြချိန်မှာ ကြံ့ဖွံ့အမတ် တစ်ဦးဖြစ်တဲ့ ဦးမောင်တိုး တစ်ယောက် အကြောက်အကန် ငြင်းပြီး ကန့်ကွက်ခဲ့ကြပါတယ်။ အဆိုပါ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာစိုးမိုးအောင် က ဖတ်ကြားတင်သွင်းခဲ့ရာ လွှတ်တော်တွင်းမှ အမတ်အများအပြား အိနြေ္ဒရရ ဖြင့် ထိုင်နေခဲ့ကြ ပေမယ့် ကိုယ့်အရည်အချင်းကိုယ်သိပြီး ဖြုတ်ချခံရမှာကို ကြောက်တဲ့ ဦးမောင်တိုးကတော့ အိနြေ္ဒမဆည်နိုင် ထပြီး ကန့်ကွက်ခဲ့တာပါ။

 ဒေါက်တာစိုးမိုးအောင် တင်သွင်း တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆။ (ခ) တွင် ဖော်ပြထားသည့် “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး(၁) ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဆိုတဲ့ အချက် နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများက ကော်မရှင်ကို တိုင်လာလျှင် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ တင်သွင်းခဲ့တာပါ။ ဒေါက်တာစိုးမိုးအောင်ရဲ့ တင်သွင်းချက်ကို စစ်တပ် လွှတ်တော်အမတ် ဗိုလ်မှုးကြီးဥာဏ်နိုင် က စစ်တပ် နဲ့ လွှတ်တော်ကို နှိုင်းယှဉ်ပြီး စစ်တပ်မှာ စစ်စည်းကမ်းရှိသလို ၊လွှတ်တော်မှာလည်း လွှတ်တော် စည်းကမ်းရှိကြောင်း စစ်တပ်မှာ မလုပ်ရဟု တားမြစ်ထားသည်များကို လုပ်လျှင် ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်သလို ပြည်သူလူထုမှ ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်အများ အနေနဲ့ ပိုမို စည်းကမ်းရှိသင့်ကြောင်း စသည်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြီး ဥပဒေ ပုဒ်မ ၁၉၆။ (ခ) ကို ထောက်ခံဆွေးနွေးခဲ့ချိန်မှာ ဦးမောင်တိုးက စည်းကမ်းမရှိလို့ လွှတ်တော်အမတ် မဖြစ်ထိုက်သည် ဆိုသည်မှာ မဟုတ်သေးကြောင်း၊ တစ်ရာခိုင်နှုန်းဆိုသည်မှာ မဲဆန္ဒနယ်မြေတစ်ခုမှ လွယ်လွယ်ကူကူ ရနိုင်တာကြောင့် ပုဒ်မ ၁၉၆။ (ခ) ကို ကန့်ကွက်ကြောင်း အပြင် လွှတ်တော်အနေနဲ့လည်း တင်သွင်းသမျှ အကြောင်းအရာများကို လက်ခံဆွေးနွေးဖို့ မလိုကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်လွှတ်တော်အမတ် ဗိုလ်မှူးကြီးတင့်ဆန်းမှ လွှတ်တော်တွင် Liberal ပိုင်းများသွားလျှင် စည်းကမ်းပိုင်း လျှော့ကျသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဦးဘရှိန်မှလည်း လူ ၁၀၀ မှာ ၁ ယောက် မကျေနပ်ပါက Right of Recall ကို စပြီး Initiate လုပ်လို့ရကြောင်း၊ ၎င်းအချက်မှာ လူ့အခွင့်အရေးဖြစ်ကြောင်း၊ ဒါကြောင့် အခြေခံဥပဒေ ပုဒ်မ ၃၉၇။ မှာ ပြဌာန်းထားတဲ့ “ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများ ပြဌာန်းရမည်” ဆိုတဲ့အတိုင်း ဖြစ်သင့်ကြောင်း ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။ ဦးမောင်တိုးကလွဲပြီး အခြား ဘယ်သူကမှ ကန့်ကွက်ဆွေးနွေးတာမျိုး မရှိခဲ့ပါဘူး။

ဦးမောင်တိုးမှ ၎င်း မှာ ပြည်သူမှရွေးကောက်ခံ ထားရကြောင်း၊ ရွေးကောက်ပွဲဝင် ထားသူဖြစ်ကြောင်း ပြောနေပေမယ့် သူ ဘယ်လို ဘယ်ပုံနဲ့ အမတ်ဖြစ်လာတယ်ဆိုတာ သူအသိဆုံးဖြစ်မှာပါ။ အခုတော့ ပြည်သူ့ဆန္ဒ အစစ်အမှန် အရ ဖြုတ်ချခံရမှာကို ကြောက်လန့်နေပါတယ်။ အမတ်များ အနေနဲ့ မတရားတဲ့ နည်းနဲ့ အနိုင်ယူခြင်းထက် သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းကို ကျေနပ်စွာ ခံယူတတ်ဖို့ လိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၃၉၆။ (ခ) အရ မူလ မဲဆန္ဒရှင် ပြည်သူ ၁ ရာခိုင်နှုံးမှ ရုတ်သိမ်းရန် တိုင်ကြား သော်လည်း လွှတ်တော်ကိုယ်စားလှယ်က ချက်ချင်းမပြုတ်သေးပါဘူး။ ၃၉၆။ (ဂ) အရ ကော်မရှင်က စစ်ဆေးပြီး ၃၉၆။ (ဃ) အရ ကာယကံရှင် ကိုယ်စားလှယ်က ချေပခွင့်ရှိပါတယ်။ မှန်ကန်မှသာ ဥပဒေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကို အချို့ အမတ်တွေက ဘာကြောင့် ထိတ်လန့်တုန်လှုပ်ပြီး အသည်းအသန် ကန့်ကွက်နေကြလဲဆိုတာ အားလုံးသိပါတယ်။ ဦးမောင်တိုးဟာ ၂၀၁၀ မှာ ယခင် အစိုးရ အရှိန်နဲ့ မဲတွေရထားတာဖြစ်ပြီး ကိုယ်ပိုင်အရည်အချင်း ကြောင့်၊ လူထုက ရွေးချယ် တင်မြောက်ထားတဲ့ လူထုကိုယ်စားလှယ် စစ်စစ် မဟုတ်ကြောင်း လူတိုင်းက သိသလို၊ ၎င်း တို့ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို သိနေကြတာကြောင့် ဒီဥပဒေကို ကန့်ကွက်တာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံမှု အပြည့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ဆိုရင် အခုလို ကန့်ကွက်ဖို့မလိုပါဘူး။ အခြားဥပဒေတွေကို အခြေအတင်ဆွေးနွေးပြီး တင်ပြတာ၊ ကန့်ကွက်တာ သဘာဝ ကျပေမယ့် အခုလို လွှတ်တော်အမတ် ကို မူလမဲဆန္ဒရှင်က ဖြုတ်ချခွင့်ဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်တာက လွှတ်တော်အမတ်များအားလုံး အတွက်သာ မက၊ လွှတ်တော်အတွက်ပါ သိက္ခာကျစေပါတယ်။ လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဦးမောင်တိုး အပါအဝင် ပြည်သူ့ လွှတ်တော် အမတ် တွေအနေနဲ့ ပြည်သူတွေက ပြန်ဖြုတ်ချမှာကို ကြောက်ရွံ့နေပြီလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။

(ဒီမိုငှက်ကြီး)


No comments: